စန်းထနေသောကိစ္စ
သုံး စွဲ သူ များ အ ကြား လက် ရှိ စန်း ထ နေ သော AI ကိစ္စ ၊ တိတိပပ ဆိုလျှင် ချက်ဂျီပီတီ ကိစ္စ သည် ဧ ရာ မ နည်း ပညာ ကုမ္ပဏီကြီးများ ၏ ရှိ ရင်း စွဲ အခြေအနေကို ခါ ယမ်း ပစ် လိုက် သည်။
ထို ခါ ယမ်း စေ လိုက် သော ကုမ္ပဏီ ထဲ သို့ မိုက်ခရိုဆော့ ကုမ္ပဏီ က စော စော စီး စီး လက် ဝင် လျှို ထားပြီး၊ အ လျှင် အ မြန် ပင် နေ ရာ ဦး ကာ မျှော် လင့် စ ရာ ထုတ် ကုန် အ သစ် ကို လူ သိ ရှင် ကြား အ သိ ပေး လိုက် လေ သည်။
ပို မို သာ လွန် သော နည်း ပ ညာ ကို ပိုင် သည် ဟု အ ထင် ခံ ရ သော ဂူဂယ်ကုမ္ပဏီ ကတော့ နေ ရာ ရ ယူ ရန် အလုအယက် ကြိုး ပမ်း ခဲ့ ရ သည်။ သို့သော် ၎င်း ၏ ဉာဏ်ရည်တု ထုတ် ကုန် သ ရုပ် ပြ မိတ် ဆက် ပွဲ သည် ဖြစ် က တတ် ဆန်း ပုံ ပေါက် ပြီး၊ နည်း ပ ညာ ဝါ သ နာ အိုး များ မျှော် လင့် ထား သ လို ပွဲ ထွက် မ လှ ခဲ့ ပေ။ ကျွန်ုပ် ၏ အ မြင် မှာ ကား နည်း ပ ညာ အ မှား မ ဟုတ် ဘဲ၊ ဈေး ကွက် ဖော်ဆောင် မှု (မာကတ်တင်း) အမှား သာ ဖြစ် သည်။
ယခုခေတ် သည် လူမှုကွန်ယက်လောင်စာထိုးပြီးအာရုံဖမ်းစား၍အမြတ်ထုတ်ကြသော ခေတ်ဖြစ်သည်။
ကြော်ငြာရေးသမားများ၊ ရေပန်းစားမျှားစာ ရေးသမားများ၊ စာနယ်ဇင်းသမားစစ်စစ်များ၊ စိတ်ဝင်စားသည့် သုံးစွဲသူများ အားလုံးသည် ချက်ဂျီပီတီ အသုံးချနည်းပေါင်းများစွာကို ဦးတည်ရေးသားနေကြလေသည်။ ထိုသူများသည် နောက်ကောက်ကျမကျန်စေရေးအတွက် ၎င်းတို့၏ စိတ်ကူးသစ်များ ထင်ပေါ်စေရန် အလောတကြီးရေးသားကြလေသည်။
၎င်းတို့သည် နည်းပညာအသစ်ကို သဘောရိုးနှင့် စိတ်ဝင်စားခြင်းလည်း ဖြစ်နိုင်သလို၊ လူအုပ်နောက်လိုက်ပြီး စန်းထနေသောကိစ္စ ကို မီးထိုးနေခြင်းလည်းဖြစ်နိုင်သည်။
နည်းပညာ
တစ်ဖက်တွင်လည်း ချက်ဂျီပီတီသည် ဒေတာအချက်အလက်၊ ကွန်ပျူတာစက်နှင့် အယ်လဂိုရသမ်နည်း များကို ကျွမ်းကျင်စွာပေါင်းစပ်ထားသော လက်ရာကောင်း ထုတ်ကုန် တစ်ခုဖြစ်သည်။ အများသူငါ နားလည်လွယ်ပြီး အသုံးဝင်သော စမ်းသပ်အသုံးပြုရန် ထုတ်လုပ်ထားမှုသာ ဖြစ်နေသေးသည်။
ဂျီပီတီ (ချက်ဂျီပီ၏ နောက်ခံ) သည် ကာလအတော်ကြာ ရှိနှင့် နေခဲ့ပြီး၊ ၎င်းတွင်ပါသော ဉာဏ်ရည်တုစက်ဦးဏှောက်ပုံစံများမှာ ထပ်ခါထပ်ခါ ပြုပြင်တိုးတက်နေခဲ့လေသည်။ နည်းပညာလုပ်ငန်း ပေါက်စ များသည်လည်း ဂျီပီတီ ကို အမှီသဟဲပြု၍ ချက်ချာသော ဝန်ဆောင်မှုအသစ်များကို ထုတ်လုပ်ကြသည်။ ဂျီပီတီ ၏ ကိုဒက် (Codex) စက်ဦးဏှောက်ကို အသုံးပြုထားသော (ဂတ်ဟဘ်) Github ၏ တွဲဘက်မှူး (CoPilot) ကဲ့သို့ ထုတ်ကုန်များစွာ ရှိသည်။
ဂျီပီတီကို ဖန်တီးသူများကိုယ်တိုင်က အများသူငါ အသုံးပြုနိုင်ရန် ချက်ဂျီပီတီကို ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့ တစ်ဦးစီထက် သာလွန်ကျယ်ပြန့်သော ဗဟုသုတများကို အမေးအဖြေပုံစံဖြင့် လူတိုင်း အသုံးပြုနိုင်သည့် Chat အဖြစ် ၎င်း၏ စွမ်းပကားကို ထုတ်ပြနေသည်။
လုံးဝဥဿုံ အပြောင်းအလဲမျိုး ဖြစ်အောင် ဖော်ဆောင်နိင်သည့် နည်းပညာကုမ္ပဏီအများစု သည် လူသားအကျိုးပြု မျှော်မှန်းချက်များဖြင့် စတင်ကြလေ့ရှိသည်။ ၎င်းအပေါ်သံသယ ဖြစ်စရာမလိုပါ။ သို့်သော် ၎င်းတို့၏ မျှော်မှန်းချက်များမှာ အရင်းရှင်စနစ်၏ ငွေကြေးဒဏ်ကို လွန်ဆန်နိုင်ရိုး မရှိကြပေ။
ပါဝင်ကြသူများ
နည်းပညာတိုးတက်ပြောင်းလဲမှု တွင်ပါဝင်ကြသူများ၊ ယခု ချက်ဂျိီပီတိ အဖြစ်တွင် ပါဝင်ကြသူများ ကို အလွှာ (၃) ခု ခွဲခြားနိုင်သည်။
ပထမ အလွှာတွင် အဆင့်မြင့်ကွန်ပြူတာစက်များကို ပိုင်ဆိုင်ပြီး၊ များပြားလှသော ဒေတာအချက်အလက်များ ကို ရရှိထားသူများနှင့် ၎င်း အချက်အလက်များကို ကွန်ပြူတာ စက်များက လေ့လာဆန်းစစ်ပြီး သင်ယူနိုင်ရန် အယ်လဂိုရသမ်နည်းများကို ဖန်တီးနိုင်သည့် ကျွမ်းကျင်သူများ ပါဝင်ကြသည်။ အမည်တပ်သော် အရင်းရှင်များ နှင့် နည်းပညာသည်များ ဖြစ်ကြသည်။
ဒုတိယ အလွှာတွင် နားလည်တတ်ကျွမ်းသော အသုံးပြုသူများ နှင့် လည်ဝယ်သော လုပ်ငန်းရှင်များ ပါဝင်ကြသည်။ ၎င်းတို့သည် အဆိုပါ ဉာဏ်ရည်တုစက်ဦးဏှောက်များနှင့် ကွန်ပြူတာစက်များကို အသုံးချခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ လုပ်တတ်ကြသည်။ စီးပွားဖြစ်ဆောင်ရွက်တတ်ကြသည်။ ၎င်း တို့ သည် နိစ္စဒူဝ လုပ်ငန်းများတွင် အဆိုပါ နည်းပညာများကို အသုံးပြုခြင်း၏ ကောင်းကျိုး ဆိုးပြစ် နှင့် အန္တရာယ်ဖြစ်တတ်ပုံ ကို နားလည်ကြသည်။
တတိယအလွှာတွင် နည်းပညာ မည်သို့မည်ပုံ လုပ်ထားသည်ကို နားမလည်ဘဲ အန္တရာယ်ကိုလည်း သတိမမူမိသူများဖြစ်ကြသည်။ ၎င်းတို့သည် အသုံးဝင်မှုကိုသာ မြင်ပြီး သုံးစွဲသဘောကျ နေသူများဖြစ်သည်။ စားသုံးသူများ ဖြစ်ကြသည်။
ပထမအလွှာ သမားများသည် ဉာဏ်ရည်တု စက်ဦးဏှောက်ကို အမြင့်ဆုံးအမှတ် ရောက်အောင် အစွမ်းကုန် ဆောင်ရွက်ထားကြပြီးသော်လည်း ကြုံတွေ့ရသော အကန့်အသတ်မှာ ငွေကြေးနှင့် ကျွမ်းကျင်မှုမဟုတ်ဘဲ ဒေတာအချက်လက် မလုံလောက်မှု အကန့်အသတ်ဖြစ်လေသည်။ အဆိုပါ စက်များဖြင့် ဉာဏ်ရည်တုစက်ဦးဏှောက်ကို နောက်တစ်ဆင့် မြင့်ဖို့ ဆောင် ရွက်ရန်မှာ ကြီးကြပ်သူ လူ များ စွာ လိုအပ်လေသည်။
နောက်တစ်ဆင့် တက်လှမ်းရန်မှာ စက်ကို လူများ ဆီမှ သင်ယူစေရန်ဖြစ်လေသည်။ ဤတွင် လူအုပ်လိုက်ကြီးကို သူတို့သဘောဖြင့် စက်များအား အခမဲ့ သင်ကြားပေးရန် မည်သို့ ဆောင်ရွက်ရမည်နည်းဟူသော မေးခွန်းသို့ ဆိုက်လေသည်။
အကြောင်းမသိကြသူများ
ဉာဏ်ရည်တုစက်ဦးဏှောက်များသည် အမှားအမှန် ခွဲခြားတတ် မှု၊ တွက်ချက် မှု ချိန်သားကိုက်စေရန် အတွက် တုံ့ပြန်မှု ပြန်လည်ရယူသည့် ပတ်လမ်းထဲကို အမှားအမှန် ခွဲခြားထည့်သွင်းပေးမည့် ကြီးကြပ်သူ လူများ လိုအပ်လေသည်။ နောက်တစ်ဆင့် တက်လှမ်းရန် အဆိုပါ လိုအပ်ချက်ကို စုပေါင်း ဆောင်ရွက်ပေးနိုင်သည့် အစွမ်းနှင့် များစွားသော အရည်အတွက်မှာ တတိယ အလွှာမှ လူများတွင် သာရှိလေသည်။
သဘောကျစရာကောင်းသော လူတစ်ယောက်နှင့် စကားစမြည်ပြောနေရသလို ဟန်ဆောင်နိုင်သည့် ဉာဏ်ရည်တု ထုတ်ကုန် ချက်ဂျီပီတီ သည် လူသန်းပေါင်းများစွာနှင့် စကားရပ် ကုဋေပေါင်းများစွာ ပြောဆိုဆက်ဆံနိုင်လေသည်။ လူတစ်ဦးခြင်းက အကြောင်းအရာပေါင်းများစွာ မေးမြန်းပုံ၊ ငြင်းခုံပုံ၊ တုံ့ပြန်ပုံ စသည့် စကားရပ် ကုဋေပေါင်းများကို အခြေပြုပြီး၊ ၎င်း၏ တုံ့ပြန်မှုရယူသည့် ပတ်လမ်း ထဲ ထည့်သွင်းကာ သင်ယူ တိုးတက်နိုင် လေသည်။ ထိုသို့ဖြစ်စေရန် ပထမအလွှာသမားများက ဖန်တီးကြလေသည်။ ထုတ်ကုန်လည်း ပိုကောင်းလာလေသည်။
လယ်ပြင်မှာ ဆင်သွားသလို
မကြာသေးခင်ကပင် သင်ခန်းစာ ရခဲ့ဖူးကြလေသည်။ အင်တာနက်ပေါ်တွင် ကျွန်ုပ်တို့ ရှာဖွေသည့် အကြောင်းအရာ၊ ပြောဆိုသည့် စိတ်ကူးများ၊ မိတ်ဆွေများ နှင့် ပြုမူဆက်ဆံပုံများကို နောက်ယောက်ခံသော ထောင်ချောက်ထဲ ရောက်ခဲ့ကြ ဖူးလေသည်။ အခမဲ့ရပြီး အသုံးဝင်သော နည်းပညာကို သုံးနေရင်း ကျွန်ုပ်တို့ တစ်ဦးခြင်း သည် ကောက်ကြောင်း ဆွဲခံရ၊ အုပ်စုအမျိုးအစား ခွဲခံရပြီး ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအကြောင်းအရာများသည် စီးပွားရေးအတွက် ရောင်းစားခံကြရလေသည်။
ယခုလည်း ချက်ဂျီပီတီ အထိုင်ချထားပုံ ကောင်းမွန်လှသော ကြောင့် ကျွန်ုပ်တို့က အသိဉာဏ်ရှိသူ တစ်ဦးနှင့် စကားပြောသလို ဆက်ဆံပြီး၊ အပြန်အလှန်ပြောစကားများကို ၎င်း၏ ပြန်လည်ရယူမှုပတ်လမ်းတွင် ထည့်သွင်းနိုင်ရန် အခမဲ့ ဆောင်ရွက်ပေးသလို ဖြစ်နေလေသည်။ ကျွန်ုပ်တို့ တစ်ဦးခြင်းကို ကောက်ကြောင်းဆွဲပြီး မကြာမီ ရောင်းစားခံရခြင်း မျိုး ဖြစ်ချင်ဖြစ်လာနိုင်သည်။
နည်းပညာအရင်းရှင်ပျက် စနစ်ကို စိုးရိမ်သူတစ်ဦီး၏ အတွေးလွန်မှု
ဖြစ်နိုင်သော အန္တရာယ်တစ်ခုမှာ၊ ချက်ဂျီပီတီ ကဲ့သို့ စနစ်ကို အသုံးချပြီး လူတစ်ဦးခြင်း ရှာဖွေမေးမြန်းမှု အကြောင်းအရာများကို တစ်စုတစ်စည်းထဲ ရယူသည့် လမ်းကြောင်းကို လုပ်ငန်းကြီးများက ရရှိသွားခြင်းဖြစ်သည်။ အဆပေါင်း သန်းရာပေါင်းများစွာဖြစ်နိုင်လေသည်။ အပြန်အလှန် ပြောစကားများ တွင် အသုံးပြုသူ လူသား၏ အဆင့်မြင့်တွေးခေါ်ပုံ၊ မေးမြန်းမှုများ ယုတ္တိရှိမရှိ၊ ဆင်ခြင်တုံတရား ရှိမရှိကို စက်ဦးဏှောက်အား ဖော်ပြလိုက်ရလေသည်။ အသုံးပြုသူ ကို ကောက်ကြောင်းဆွဲ၊ အုပ်စုခွဲပြီး နောင်အခါ ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်ဟူသော ခေါင်းစဉ်ဖြင့် စီးပွားဖြစ် ရောင်းချ ခံရမည်လော ဟု ကျွန်ုပ်တို့ ကြိုတင် မသိနိုင်ပေ။
အခြားအန္တရာယ် တစ်ခုမှာ၊ ဉာဏ်ရည်တုစက်ဦးဏှောက်မှ ထုတ်လုပ်သော စာကို၊ နောက်ဆက်တွဲ ပြုပြင်ပြီး၊ ကြော်ငြာလိုသော ထုတ်ကုန်၏ အကြောင်းအရာများနှင့် ရောယှက်ကာ ဘက်လိုက်သည့် စာများ ဖြစ်အောင် လုပ်လေမည်လော ဟုလည်း ကြိုတင်မသိနိုင်ပေ။ နည်းလမ်းအားဖြင့် ဆောင်ရွက်ရန် ဖြစ်နိုင် လေ သည်။ စမ်းသပ်ပြီးသား၊ လုပ်နေနှင့် ပြီးလည်း ဖြစ်နိုင်လေသည်။
ထိုအခါ သံသယမရှိ ဆန်းစစ်တွေးတောမှု မပြုသော အသုံးပြုသူသည် ဘက်လိုက်၍လမ်းလွှဲရာသို့ လိုက်ပါမိသွားနိုင်လေသည်။ ၎င်းသည် ကျွန်ုပ်တို့ တွေ့မြင်နေကြ၊ အင်တာနက် စာမျက်နှာများ ပေါ်မှ ထုံနေပြီဖြစ်သော ကြော်ငြာများကဲ့သို့ သိသာထင်ရှားမည် မဟုတ်ပေ။ အသုံးပြုသူက ရိုးသားမျှတသော ရလာဒ်ကို ရလိမ့်မည်ဟု ယုံကြည်မှုအပေါ် အမြတ်ထုတ်ခံရမည့် အဖြစ်မျိုးဖြစ်သည်။
နောက်ဆုံးဖော်ပြလိုသော အန္တရာယ်မှာ မသေချာမရေရာ အငြင်းပွားဖွယ်ရာဖြစ်သည်။ လူအများက စုပေါင်း ထည့်သွင်းပေးလိုက်သည့် အပြန်အလှန်ပြောဆိုမှု အကြောင်းအရာများမှာ သင်ယူလေ့ကျင့် တိုးတက်လာသော အဆိုပါ ဉာဏ်ရည်တုစက်ဦးဏှောက် ကို လူနည်းစုတစ်ဖွဲ့တည်း၏ ပိုင်ဆိုင်မှု ထိန်းချုပ်မှု တွင် ရှိနေခြင်း အန္တရာယ်ဖြစ်လေသည်။ အကျိုးဆက် ကောင်းမည် ဆိုးမည်ကို မသိနိုင်ပေ။ ဉာဏ်တု စက်ဦးဏှောက်သည် ကိရိယာ တစ်ခုသာ ဖြစ်၍ ၎င်း ချည်း အန္တရာယ် မပေးသော်လည်း အသုံးချပုံကို ဆုံးဖြတ်သူများမှာ လောဘနှင့် အကြောက်တရား မကင်းသော လူသား များဖြစ်သည်ကို မမေ့အပ်ပေ။
နောင် (၁၀)နှစ်တွင် ပြန်လည် ဆန်းစစ်နိုင်ရန် မှတ်တမ်းအဖြစ် ရေးပါသည်။
အင်္ဂလိပ် ဘာသာစကားဖြင့် https://medium.com/@kotharthar/we-are-still-the-product-in-the-ai-era-ea133fb09558