အလုပ်သင် ဝင်ကြမယ့် မောင်တို့မယ်တို့၊ ကျောင်းဆင်းတော့မယ့်၊ များမကြာမီ ဘွဲ့ယူကြရတော့မယ့် လူငယ်တွေ နှင့် ပါတ်သက်ပြီး၊ တစ်စွန်းတစ်စ အတွေးတွေ စုံပလုံစီရှိနေတဲ့ အကြောင်းတွေကို အလုပ်များလို့ မရေးဖြစ်ဘဲ နေတာ၊ အလုပ်တွေများလွန်းလို့ ဘာကို စလုပ်ရမယ်မခွဲနိုင်အောင်ဖြစ်နေလို့၊ ခေါင်းလည်းရှင်းအောင်၊ အပြောင်းအလဲလည်းဖြစ်အောင် စာရေးလိုက်တယ်။ (ပြန်မစစ်ထားလို့ စာလုံးပေါင်းတော့ သည်းခံကြ)
ကိုယ်တိုင် Intern အဖြစ် အလုပ်သင်ဝင်ဖူးတဲ့ အတွေ့အကြုံမရှိပါ။ ကျွန်တော်တက်ခဲ့တဲ့စင်ကာပူက ကျောင်းများမှာတော့ Internship လည်းရှိသလို၊ Industrial Attachment လို့ခေါ်တာလည်း ရှိပါတယ်။ ဒီပလိုမာ အောင်လက်မှတ် တန်းမှာလည်း Internship ဆင်းရသလို၊ ဘွဲ့ကြိုတန်းမှာလည်း IA ဆင်းရပါတယ်။ ၂ ကြိမ်လုံးမှာ၊ ကျောင်းက သတ်မှတ်ပေးတဲ့အတိုင်း သင့်တင့်တဲ့ လုပ်အားခရပါတယ်။ ပထမ တစ်ကြိမ်မှာ အလွန်ကောင်းတဲ့ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုမှာ လုပ်ခဲ့ရပြီး၊ ဘွဲ့ကြိုတန်းမှာတော့ အိုင်တီကုမ္ပဏီ ခပ်ငယ်ငယ် တစ်ခုမှာ ဝင်ရပါတယ်။ ဒါတွေအပြင် ကျောင်းချိန်အားလို့ အချိန်ပိုင်းအလုပ်ကို ခရီးသွားလက်မှတ်ရောင်းတဲ့ ကုမ္ပဏီတစ်ခုမှာရယ်၊ Business Intelligence Solution တွေ ပေးတဲ့ ကုမ္ပဏီတစ်ခုမှာရယ်၊ နောက်ဆုံး ကျောင်းပြီးလို့ အချိန်ပြည့်အလုပ် ဝင်ဖြစ်တဲ့ ကုမ္ပဏီမှာရယ် ကိုယ့်အတတ်ပညာနှင့် ဆိုင်တဲ့ အချိန်ပိုင်း အလုပ်တွေကို လုပ်ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။
ဒီပလိုမာတန်း Internship အတွေ့အကြုံ
ဒီပလိုမာအတွက် Internship ဆင်းတော့ Honeywell Singapore ကုမ္ပဏီမှာပါ။ Six Sigma Green Belt ရထားတဲ့ လုပ်ငန်းပိုင်း ကျွမ်းကျင်တဲ့ မန်နေဂျာအောက်မှာ၊ တက္ကသိုလ်ကနေ IA လာဆင်းတဲ့ အင်ဂျင်နီယာ ကျောင်းသားတွေနှင့် အတူအလုပ်လုပ်ရပါတယ်။
သူတို့က စက်ရုံတွေ အလုပ်ရုံတွေထဲမှာ အပူချိန်အာရုံခံ ကိရိယာတွေ အများကြီးသုံးမယ့်အစား၊ အာရုံခံရမယ့်နေရာတွေကို အပူချိန်တိုင်းနိုင်တဲ့ စောင့်ကြည့် ကင်မရာ တစ်ခုတည်းနှင့် ချိန်ထားပြီး၊ ကင်မရာက မြင်ရတဲ့ အရောင်ကနေ အပူချိန်ကို ဆုံးဖြတ်ပြီး၊ လိုအပ်တဲ့ ထိန်းချုပ်ရေးကိရိယာတွေကို စေခိုင်းတဲ့ နည်းကို စမ်းသပ်ပါတယ်။ ဒါအပြင်၊ ကုမ္ပဏီမှာ ရှိထားပြီးသား CCTV နှင့် DVR ရဲ့ Software ကို ပြုပြင်ပြီး၊ PTZ Camera တွေကို လက်နှင့်ထိန်းချုပ်မယ့်အစား၊ ကင်မရာတွေ စောင့်ကြည့်နေတဲ့ အထဲမှာ သတ်မှတ်ထားတဲ့ အရာဝတ္ထု/လူရုပ် ရွေ့လျားမှု ပေါ်လာရင် ကင်မရာက သူ့မြင်ကွင်းထဲ ရှိသမျှ လိုက်လှည့်ကြည့်တဲ့အပြင်၊ မြင်ကွင်းအပြင်ထွက်သွားရင်၊ ပျောက်သွားတဲ့ လားရာမှာ ရှိတဲ့ ကင်မရာကို ဆက်ပြီး စောင့်ကြည့်စေခိုင်းတဲ့ နည်းလမ်းကို စမ်းသပ်ကြပါတယ်။ ဒါဟာ ဘွဲ့ကြိုတန်းက ကျောင်းသားတွေ IA မှာ လုပ်တဲ့ အဆင့်ပါ။ ကိုယ်က ဒီပလိုမာ တန်းဆိုတော့ သူတို့လောက် ဉာဏ်မမီသေးတော့၊ နားထောင်၊ ပညာယူပဲ တတ်နိုင်တယ်။
ကျွန်တော်လုပ်ခဲ့တဲ့ စမ်းသပ်မှုက၊ အဲဒီခေတ်က အိုင်ဖုန်း မပေါ်သေးခင်မှာ Windows Mobile နှင့် HP iPQA စက်ပေါ်မှာ၊ အခုနက ဆရာတွေရဲ့ DVR Server ကိုရောက်လာတဲ့ Camera မြင်ကွင်းတွေကို အချိန်နှင့်တပြေးညီ မြင်နိုင်တဲ့ Live Video ကို ပြနိုင်တဲ့ Mobile App ကို ရေးရပါတယ်။ အခုခေတ်လို Development Tools တွေ Library တွေများများ စားစား မရှိသလို Microsoft ရဲ့ MSDN Library ကိုပဲ အားကိုးပြီး Window Mobile မှာ မပါသလောက်ပဲရှိတဲ့ DirectX Library တွေကို သုံးပြီး၊ Server ကပေးတဲ့ MPEG data တွေကို JPEG ပြောင်းပြီး Video Render လုပ်တဲ့ Window Mobile App ကို ရေးပါတယ်။ App မှာမြင်ရတဲ့ Live feed ရဲ့ Frame က ပြင်ပက ကင်မရာကမြင်တဲ့ ဖြစ်ရပ်ထက်၂ စက္ကန့်နောက်ကျပါတယ်။ ဆောင်ရွက်ရသမျှကို ကျောင်းကပေးထားတဲ့ Log Book မှာ တစ်ပါတ်ကို ၂ မျက်နှာ ပုံစံခွက်နှင့် ရေးရပါတယ်။
ကိုယ့်အတိုင်းအတာနှင့်ကိုယ် တော်တော်ကျေနပ်ပါတယ်။ ဒီပလိုမာတန်းမှာ Web Development, VB6.0, J2SE Development, Java Beans, A+, ASP 3.0, ODBC နှင့် Access ဖိုင်ကိုချိတ်ပုံ၊ အခြေခံ networking တွေကို သာသင်ပေးလိုက်ပေမယ့်၊ ကိုယ်နှင့် လုံးဝ မရင်းနှီးတဲ့ အလုပ်ကို ၃ လအတွင်း အပြီးလုပ်ပေးခဲ့ပါတယ်။ တစ်ပါတ်ကို ၅ ရက်၊ ကီလို ၄၀ ဝေးတဲ့ Expo Station ကိုရထားနှင့် ကျွန်တော်နေတဲ့ Jurong East ကနေ အသွားအပြန်သွားပါတယ်။ ခရီးဆုံး ရထားဘူးတာကနေ အလုပ်ကို ၁၀ မိနစ်ထပ်လျှောက်ရပါတယ်။ ၃ လ လုံးနောက်ကျခြင်း၊ ပျက်ကွက်ခြင်းမရှိ ကြိုးစားရတာပါ။
ကျောင်းက သတ်မှတ်ပေးတဲ့ သက်ဆိုင်ရာ ကြီးကြပ်ရေးမှုး၊ ဆရာက အလုပ် စစခြင်း တစ်ကြိမ်၊ စပ်ကြားကာလ မှာတစ်ကြိမ် ရုံးကိုလာပြီး၊ လုပ်ငန်းခွင်ကိုကြည့်ပါတယ်၊ နေ့လယ်စာကို အတူတူအပြင်ခေါ်စားပြီး၊ လုပ်ငန်းခွင် အခြေအနေကို စပ်စုပါတယ်။ ပြီးတော့မှ၊ သက်ဆိုင်ရာ Log Book ကိုစစ်ပါတယ်။
ဘွဲ့ကြိုတန်း Industrial Attachment အတွေ့အကြုံ
ဒီပလိုမာတန်းမှာတော်ခဲ့သမျှ ဘွဲ့ကြိုတန်းမှာ ကွန်ပြူတာအင်ဂျင်နီယာ ပညာကို စာတော်တော်လိုက်ရပါတယ်။ ကျွန်တော် သိပ်ညံ့တဲ့ သင်္ချာ၊ ကျယ်ပြန့်တဲ့ အထူးပြု ဘာသာရပ်တွေ၊ စာဘယ်လိုဖတ်ပြီး၊စာဘယ်လိုတော်အောင် လုပ်ရမယ်ဆိုတာ သင်ပြမယ့် လူမရှိ။ အဆင့်တွေ မကောင်းတော့ IA ရောက်တဲ့အခါ ရခင်က ရသလို ကုမ္ပဏီကောင်းက ရွေးချယ်တာမခံရတော့ပါဘူး။
ရောက်သွားတဲ့ ကုမ္ပဏီက GNU လို့ခေါ်ပြီး၊ ဘာလုပ်မှန်းတောင် ကောင်းကောင်းမသိပါဘူး။ ကွန်ပြူတာ ကုဒ်ရေးသူ ကျွန်တော်အပါ ၆ ယောက်နှင့် ဈေးကွက်ရှာ၊ ဖောက်သည်ဆက်ဆံရေးအတွက် ၂ ဦး၊ အလုပ်ရှင် အမျိုးသမီး တစ်ဦးနှင့် ပေး ၃၀ ပါတ်လည် အခန်းမှာ လုပ်ရပါတယ်။ တစ်ပါတ်ကို ၅ ရက် ခွဲ၊ Raffel Place နားက စင်ကာပူမြစ်နားက ချောင်ကျကျ တိုက်ကြီးတစ်လုံးပေါ်မှာပါ။ ထူးခြားတာက၊ အလုပ်ဝင်ချိန်ထွက်ချိန်ကို လက်မှတ်ထိုးရသလို၊ အလုပ်ဝင်တာနှင့် မိုဘိုင်းဖုန်းကို ဘီဒိုထဲမှာ ထည့်ထားခဲ့ရပြီး၊ တစ်ယောက်က သော့ခတ်ထားပါတယ်။ ထမင်းစားချိန်နှင့် အလုပ်ဆင်းချိန်ကျမှ ပြန်ရပါတယ်။
အဲ့ဒီကုမ္ပဏီက ဝန်ထမ်းတွေမှာ မလေးရှားနှင့် အင်ဒိုနီးရှားက ကွန်ပြူတာကျောင်းဆင်းတွေများပြီး၊ VB.Net နှင့်ရေးနေတဲ့ ERP Software စီမံကိန်းတစ်ခုမှာ ပါဝင်ရပါတယ်။ ကျောင်းမှာ VB6.0 ပဲသင်ခဲ့ရပေမယ့် .NET ကို ကိုယ့်ဖာသာ သင်ခဲ့တာမို့ ကုဒ်ရေးတာမခက်ပါ။ ခက်တာက .Net 2.0 ရေးခိုင်းပေမယ့် ကျွန်တော့်အတွက် ပေးထားတဲ့ကွန်ပြူတာက RAM 128MB (MB နော်..သေချာဖတ်) ပဲရှိတော့ အလုပ်မတွင်ပါ။ ကွန်ပြူတာမှာ ပါတဲ့ USB ကြိုးတွေကို Motherboard ကနေ ဖြုတ်ထားလို့ သုံးမရပါ။ နေ့စဉ်အလုပ်ကို Excel Sheet နှင့် အသေးစိတ်ညွှန်ကြားချက်အတိုင်းလုပ်ပေးရပြီး၊ သတ်မှတ်ရက်အတိုင်းမပြီးရင်၊ နောက်ကျနေပြီး ပြီးဆုံးအောင်လုပ်ပေးရပါတယ်။ Funan Mall (ကွန်ပြူတာဆိုင်များ) က ၅ မိနစ်သာဝေးပေမယ့်၊ RAM ကို 256MB ဖြစ်ဖို့ ၂ ပါတ် စောင့်လိုက်ရပါတယ်။ ကွန်ပြူတာတွေကို LAN ချိတ်ထားပေမယ့်၊ အင်တာနက် မပေးထားပါ။ အင်တာနက်မရှိဘဲ MSDN Library ကို DVD Version သုံးပြီး၊ ၄ လ Code ရေးရတာပါ။
အခက်ဆုံးက နေ့စဉ် Code တွေတစ်ဦးခြင်းစီခွဲရေးထားတာကို ပြန်ပေါင်းတဲ့ အလုပ်ပါ။ လုပ်သက်အရင့်ဆုံး မလေးရှားကတရုတ်လူမျိုး တစ်ဦးက နေ့စဉ်ကို တစ်ဦးခြင်းရေးထားတဲ့ Source Code တွေကို Project ဖိုင်အလိုက် network shared driveကနေကူးပြီး၊ လက်နှင့်၊ မျက်စိနှင့်ကြည့်ပြီး၊ တစ်ဖိုင်ခြင်း ပေါင်းပါတယ်။ ကျွန်တော်က Version Control Sofware (အဲဒီတုန်းက Subversion) ကိုသုံးဖို့ပြောပေမယ့် ဆရာက လက်မခံဘဲ၊ ဒေါသတွေပါ ပါလာတော့၊ ကိုယ်လုပ်ရတာမဟုတ်ရင်ပြီးရောဆိုပြီး ထားလိုက်ပါတယ်။ ဒါပေမယ့် ပြဿနာက နေ့စဉ်ကို ကိုယ်လုပ်ထားပြီးသား အပိုင်းကို သူ့စက်မှာ ပေါင်းပြီး build လုပ်လို့မရမခြင်း၊ မပြန်ရတော့ဘူး။ ပြီးတော့ သူက ဖုန်းထည့်တဲ့ ဘီဒိုသော့ကိုင်တဲ့လူ။
IA ကုမ္ပဏီပြောင်းဖို့ ကြိုးစားတာပေါ့၊ ဒါပေမယ့် နောက်ကျနေပြီဆိုတော့၊ ကျောင်းဖက်က ဆရာက၊ ထပ်ပြောင်းရင် နောက် semester ဖြစ်သွားမယ်ဆိုတော့၊ (၄) လကို ကြိတ်မှိတ်ပြီး လုပ်ရတာပေ့ါ။ စနေနေ့ကို အလုပ်ဆင်းရပြီး၊ တစ်ရုံးကို အလှည့်ကျ ဖုန်စုပ်စက်နှင့် ဖုန်စုပ်ပြီး ကွန်ပြူတာတွေဖုန်သုတ်ခြင်းကို စနေမလုပ်မပြန်ခင် လုပ်ပေးရပါသေးတယ်။ (၄) လနော်၊ တစ်ရက်မပြတ်။ ကျောင်းဘက် ကကြီးကြပ်တဲ့ ဆရာက ကိုယ်ချင်းစာပါတယ်။ Log Book မှာရေးတာကို အလုပ်ရှင်က အရင်ကြည့်ပြီး၊ ယေဘုယျကျတဲ့ အလုပ်သဘောကို ပဲရေးရပြီး၊ စီမံကိန်းအကြောင်းထည့်မရေးဖို့ တားပါတယ်။ NDA ကြောင့်ပါ။ ကျွန်တော် IA မပြီးခင်၊ လုပ်ပေးခဲ့တာက ERP Software မှာ Finger Print Reader နှင့် User Check-in လုပ်တာပါ။ ဒါကို စက်မပါဘဲ လုပ်ခိုင်းလို့၊ ကိုယ်က MS Finger Print Reader ကိုစိုက်ဝယ်ပြီး အလုပ်ပြီးအောင် လုပ်ပေးခဲ့ပါတယ်။ စက်ဖိုးကို IA ပြီးတဲ့နောက် လကုန်မှ တစ်ကူးတစ်ပြန်ခေါ်ပြီး လာယူခိုင်းလို့၊ သွားယူဖြစ်ခဲ့သေးတယ်။ အလုပ်ရှင်က ကျောင်းပြီးရင် အလုပ်ဆက်ဝင်လုပ်နိုင်ကြောင်း ကမ်းလှမ်းသေးတယ်။
မှတ်မှတ်ရရ၊ အဲဒီ IA နောက်ဆုံးရက်မှာ ည ၇ နာရီကျော်မှ ပြန်ရတော့ ပင်ပန်းပေမယ့်၊ ပျော်လွန်းလို့၊ Oceans Eleven ရုပ်ရှင် ည ၉ နာရီခွဲပွဲကို တစ်ယောက်တည်းသွားကြည့်ပြီး၊ ဇာတ်ကား အစကနေ၊အဆုံးအထိ ရုံထဲမှာအိပ်ပျော်နေခဲ့တာ။
ကိုယ့်ဖာသာကိုယ် အလုပ်သင်
Internship လည်းမဟုတ်၊ Industrial Attachment လည်းမဟုတ်ဘဲ ကျောင်းပိတ်ရက်မှာ အလုပ်ဝင်လုပ်ဖူးတာလည်းရှိတယ်။ အလုပ်လွယ်လွယ်ရပြီး၊ ခြေတိုအောင်လုပ်ရတဲ့ အချိန်ပိုင်းစားပွဲထိုး အလုပ်မဟုတ်ဘဲ ကိုယ့်ပညာနှင့်လုပ်ရတဲ့ အလုပ်ကို အချိန်ပိုင်းအတွက် ရှာရတာ၊ အဲဒီခေတ်က တော်တော်ခက်တယ်။ စင်ကာပူမှာတောင် အိမ်တွေမှာ Dial-up Internet တွေပဲဝယ်သုံးနိုင်သေးပြီး၊ ADSL ဆိုတာဈေးကြီးနေသေးတဲ့ခေတ်မှာ Online ပေါ်ကနေ အဝေးရောက်အလုပ်လုပ်ဖို့ဆိုတာ နည်းလမ်းကိုမရှိသေးဘူး။
ဘွဲ့ကြိုတန်းတက်နေတုန်း ကျောင်းအားရက်မှာ ဝင်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုက Flights XML ပဲ။ ကုမ္ပဏီပိုင်ရှင် Terry နှင့် တစ်ဦးတည်းသော ဝန်ထမ်း အင်ဒီးယန်း တစ်ယောက်က Interview ပြီးတဲ့အခါ၊ တစ်လကို စင်းဒေါ်လာ ၄၀၀ နှင့်အလုပ်ရပါတယ်။ ပိုက်ဆံကတော့ မုန့်ဝယ်စားတာနှင့် ကုန်တာပါပဲ။ အလုပ်က ASP 3.0 နှင့်ရေးထားတဲ့ Travel website တစ်ခုကို ထိန်းသိမ်းရတယ်။ ရုံးနေရာက ပိုင်ရှင်ရဲ့ ခရီးသွားကိုယ်စားလှယ် လုပ်ငန်းရုံးခန်းနောက်ဖေးမှာ ကွန်ပြူတာ ၂ လုံးနှင့် ကိုယ်တွေပဲ။ အင်ဒီးယားက အဖွဲ့က ရေးပေးထားတဲ့ ASP 3.0 ကုဒ်တွေက စပါဂတီ တွေလိုပဲဆိုတော့ ပြဿနာတစ်ခုခုရှင်းပြီဆိုရင် ကုဒ်တွေကို တပ်ခုန်ပြီးညှိတာ (Tab indentation) ကများပြီး၊ အမှားပြင်ရတာကနည်းပါတယ်။ ဒီမှာလုပ်တော့ သူ့ရဲ့ Software အကြောင်းမြင်ဖူးနားလည်ဖူးသွားတယ်။ Website ကနေ လေယာဥ်လက်မှတ် ဝယ်တဲ့အခါ၊ Air ticket GDS စနစ်ကပေးထားတဲ့ API တွေကို လှမ်းခေါ်ပြီး ပြန်ရလာတဲ့ လေကြောင်းးလိုင်းအချက်အလက်တွေပါတဲ့ XML ကို (flights information in XML format) တွေကို ကြားခံအပြန်အလှန်လုပ်ပေးတဲ့ software ပဲ။ အဲဒီမှာ အလုပ်ပြီးသွားတဲ့အခါ၊ ခရီးသွားကိုယ်စားလှယ် လုပ်ငန်းအကြောင်း၊ အွန်လိုင်းကနေ လေယာဥ်လက်မှတ် ဝယ်တဲ့အခါ၊ နောက်ကွယ်မှာ လည်ပါတဲ့ စနစ်တွအကြောင်း နားလည်ရုံမက၊ အလွန်ရှုပ်ပါတယ်ဆိုတဲ့ လိုင်းပေါင်း ထောင်ချီတဲ့ ကုဒ်ကိုပါ မကြောက်တတ်တော့ဘူး။
နောက်ကျောင်းပိတ်တဲ့ (၂) လလောက် အချိန်ပိုင်း လုပ်ဖူးတဲ့ ကုမ္ပဏီနောက်တစ်ခုက Accel Solutions ပဲ။ ဒီပလိုမာတန်း တက်တုန်းက သူငယ်ချင်း ၂ ယောက်က အဲဒီကုမ္ပဏီမှာ အချိန်ပြည့် ဝန်ထမ်းလုပ်နေကြတော့၊ သူတို့အဆက်အသွယ်နှင့် အချိန်ပိုင်း ဝင်လုပ်ပါတယ်။ လစာ မများပေမယ့်၊ .Net 2.0 ဆိုတော့ သိပ် မခက်ဘူး။ Business Intelligence solution အလုပ်ဆိုတော့ သူတို့ဆီမှာ Database Admin တွေများပြီး၊ Application ရေးတဲ့လူသိပ်မရှိဘူး။ အခုတော့ အဲဒီကုမ္ပဏီက The Analytics ဆိုတဲ့ ကုမ္ပဏီနှင့် ပေါင်းပြီး Cornerstone-Asia ဆိုပြီးဖြစ်သွားတယ်၊ နောက်တော့ Cornerstone-Asia ကို NTT-Data က ဝယ်လိုက်တယ်လို့ သိရတယ်။ အဲဒီမှာ ပညာရတာက စင်ကာပူအမျိုးသားကျန်းမာရေး အဖွဲ့က ကြီးမှုးပြီး၊ ရှိသမျှ ဆေးရုံတွေရဲ့ လူနာဆေးမှတ်တမ်းတွေကို ချိတ်ဆက်ဖို့၊ အချက်အလက်တွေကို ကွန်ပြူတာနှင့် တွက်ချက်ပြီး၊ နိုင်ငံသား တစ်ဦးခြင်းရဲ့ ဆေးမှတ်တမ်းအရ နောင်ဘယ်လောက်နေရင် ဘာရောဂါ ဖြစ်နိုင်တယ် ကျန်းမာရေးအတွက် ဘာလုပ်သင့်တယ်ကို ကြိုတင်သတိပေးနိုင်ဖို့ အတွက် လုပ်တဲ့ စီမံကိန်းကို ကိုယ်တိုင်မပါရပေမယ့်၊ ဘေးကကြည့်ပြီးလေ့လာခွင့်ရခဲ့တယ်။ သိပ်ပိုက်ဆံကုန်ပြီး အဆင့်မြင့်တဲ့ ရှုပ်ထွေးပေမယ့် အသုံးဝင်တဲ့ စနစ်ကို တည်ဆောက်ပုံတွေ မြင်ဖူးသွားတာပေါ့။
ဒီလိုပဲ ကြားထဲမှာ စိတ်ကူးပေါက်ရင် ပေါက်သလို ရေးထားတဲ့ Software တွေ နှင့် ကျောင်းပြီးလို့ အလုပ်ဝင်ခဲ့တဲ့ ကုမ္ပဏီမှာ အချိန်ပြည့်မလုပ်ခင်၊ အချိန်ပိုင်းအလုပ် ဝင်ခဲ့တဲ့အကြောင်းအကျယ်ချဲ့ပြီး မပြောတော့ပါဘူး။
ဇွဲ့နဲ့ ကုမ္ပဏီ
၂၀၁၂ မှာ ရန်ကုန်ပြန်ရောက်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်ကတည်းက အလုပ်သင်ရယ်လို့ မခန့်ဖြစ်ခဲ့ပါဘူး။ အလုပ်သင်တဲ့ လိုအပ်ချက်ကလည်း ကျောင်းတွေဘက်က မရှိတော့၊ လူသစ်တွေ အလုပ်ခန့်လို့ လုပ်ငန်းခွင်ထဲမှာ အသုံးတည့်သည်အထိ (၃) လလောက် သင်ကြားပေးရတော့၊ ကျောင်းမပြီးခင်ကတည်းက အလုပ်သင်ခဲ့ရင် ကျောင်းပြီးရင်အသင့်ပဲလို့ တွေးခဲ့မိတယ်။
ဒါပေမယ့် ၂၀၁၇ မှာ ကွန်ပြူတာတက္ကသိုလ်နှင့် နည်ပညာတက္ကသိုလ် အိုင်တီကျောင်းသားတွေ အတွက် အလုပ်သင်အစီအစဉ် လိုအပ်လာတဲ့အခါ၊ ကျောင်းပေါင်း ၄၀ ကျော်က ကျောင်းသားတွေ အကုန်ကိုအလုပ်သင်ပေးနိုင်လောက်တဲ့ လုပ်ငန်းလောက မရှိတာကို တွေ့ရတော့ စိတ်မကောင်းဘူး။ ဒါနှင့်ပဲ တောင်ငူကျောင်းမှာ ကျောင်းသား ၉၆ ဦးကို ကျောင်းဝင်းတွင်း အဝေးရောက် အလုပ်သင်အစီအစဉ်ကို လုပ်ခဲ့တယ်။ ရုံးတွင်းမှာလည်း ၄ ဦးလောက်အလုပ်သင်ခန့်တယ်။ အထိုက်အလျောက် အောင်မြင်ပေမယ့် စားရိတ်က ရေရှည်မှာခက်တယ်။ ဒါကိုပဲ ဇွဲကောင်းကောင်းနှင့် ၂၀၁၈ မှာ ပူးပေါင်း ကုမ္ပဏီ ၉ ခုပေါင်း ကျောင်း သား ၅၀၀ ကျော်ကို လည်း အလားတူ လုပ်ပေးခဲ့တယ်။
ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ IA မှာ ရုန်းကန်ခဲ့ရသလောက်တောင် အလုပ်သင်ကျောင်းသား/သူလေးတွေကို ဖိအားမပေးခဲ့ဘူး။ သူတို့ရဲ့ ကျောင်းမှာ သင်လိုက်တဲ့ စာ၊ သင်ပေးလိုက်တဲ့ ပုံစံ နှင့် ဗီဇနှင့် ပါတ်ဝန်းကျင် က ထုဆစ်လိုက်တဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ကျွန်တော်တို့လုပ်ငန်းတွေမှာ တိုက်ရိုက် အသုံးချလို့ ရတာမဟုတ်လို့ လက်တွေ့ ကျွမ်းကျင်မှုတွေကို သင်ပြရင်း အလုပ်ခိုင်းပေမယ့်၊ စီးပွားဖြစ် လုပ်ငန်းတွေကို တာဝန်ပေးရလောက်အောင် လက်ရည်မရှိသေးလို့၊ (၃) လဟာ အမှန်တော့ ကျောင်းသားရဲ့ လုပ်အားကို အသုံးချပြီး၊ အမြတ်ထုတ်ဖို့နေနေသာသာ၊ သူတို့ကို ခေါ်ထားရတာ၊ သင်ပြရတာ တောင် အပို စားရိတ်ထောင်းပါသေးတယ်။ ဒါတောင် အချို့ကျောင်းတွေက မဖြစ်မနေ အလုပ်သင်ကျောင်းသားကို အနိမ့်ဆုံး လခ ပေးပို့ တောင်းဆိုတာရှိပါတယ်။ (ဒီစကား ကို ကြားရင် ဆရာမကြီးတွေ စိတ်ဆိုးမယ်) အမှန်တော့် လခ အပြင် အပိုဆိုပါ ပေးချင်ပါတယ်၊ အလုပ်သင်ကျောင်းသားရဲ့ လုပ်အားက ဝင်ငွေရတဲ့ စီမံကိန်းအတွက် အကျိုးပြုရင်ပေါ့။ ပေါပေါပဲပဲ စာရိုက်တာချည်း ခိုင်းရင်လည်း သင်ကြားလာတဲ့ ပညာတွေကို စော်ကားသလို ဖြစ်မှာစိုးလို့၊ သူတို့အတွက် ကိုက်ညီမယ့် လေ့ကျင့်စရာ အလုပ်ဖန်တီးရတာလည်း အခက်အခဲတစ်ခုပါပဲ။
ကျွန်တော်တို့ဆီမှာ အလုပ်သင်ဆင်းဖူးတဲ့ ကျောင်းသား/သူတွေ ကို ဆိုင်ရာဘွဲ့နှင့် ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို အလေးဂရုပြုပြီး၊ ပညာရပ်ဆိုင်ရာတွေကို အလုပ်ခိုင်းတဲ့အခါ Static Website တစ်ခုလုပ်ရတာကိုတောင် ဖြောင့်အောင် မလုပ်တတ်ပေမယ့်၊ ပြီးသွားတဲ့ HTML, CSS စာမျက်နှာ ၃၊ ၄ မျက်နှာ Website ကို ERD Diagram တွေ Normalize လုပ်ထားတဲ့ Database Diagram တွေနှင့် Internship ပြီးမြောက်မှု တင်ပြချက်မှာ ကျောင်းက ဆရာမတွေကို အဲဒါတွေ မလုပ်ခဲ့ရဘဲ ရှင်းပြတာဟာ၊ တစ်ခုခု လွဲနေမှန်း သိပေမယ့် ကလေးတွေ နေရာကရော၊ ဆရာမတွေ နေရာကပါ ကိုယ်ချင်းစာမိပါတယ်။ (ကိုယ်ချင်းစာပြီး သူတို့ အခြေအနေ၊ တွေးခေါ်ပုံကို နားလည်တာပါ။ သူတို့လုပ်နေတာ တွေ မှန်တယ်လို့ ပြောတာမဟုတ်ဘူး။)
နောက်တစ်ခုက အချိန်နှင့် ငွေကြေး ကုန်ကျတာခြင်းတူတူ ကျောင်းပြီးတဲ့အခါ၊ အိုင်တီလောကထဲကို ဝင်မှာကို မဟုတ်ဘူးလို့ ရိုးရိုးသားသား ပြောတဲ့ ကလေးတွေကို အလုပ်သင်နေရာ ပေးရတာထက် စိတ်ဝင်တစားနှင့် လုပ်ငန်းလောကထဲကို ရောက်လာမယ့် ကျောင်းသား/သူကို အလုပ်သင်ခွင့်ပေးရတာက ပိုထိုက်တန်ပါတယ်။ ယခင်ကတော့ မေတ္တာရှေ့ထားပြီး ကျောင်းသားတိုင်း အလုပ်သင်ခွင့်ရအောင် ကျယ်ပြန့်တဲ့ အစီစဉ်တွေကို လုပ်ခဲ့ပေမယ့်၊ (၂) နှစ်မြောက်ပြီးတဲ့အခါ အားလုံးအတွက် လုပ်ပေးရတာ အားထုတ်သလောက် အရာမထင်တာမျိုးကြုံရတော့၊ စီစစ်လက်ခံဖို့ ဆုံးဖြတ်ကြပါတယ်။
၂၀၁၈ တုန်းက အစီအစဉ်မှာ ကျောင်းသားတွေ ဆဲတာကိုလည်းခံခဲ့ရသလို၊ ကျောင်းပြီးရင် LCCI ဖြေပြီး စာရင်းကိုင်လုပ်မယ်တို့၊ အသေးစားငွေချေးတဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ ပြောထားပြီးပြီတို့၊ ၁၀ တန်းတုန်းက ရတဲ့ အမှတ်နဲ့ အမြင့်ဆုံး တက်လို့ရလို့ ကွန်ပြူတာယူထားတာတို့၊ ကျောင်းပြီးရင် အိမ်ဆိုင်ရောင်းမယ်တို့၊ အလယ်တန်းပြသွားလုပ်မှာတို့လည် ကြုံခဲ့ဖူးသလို။ အလုပ်ခန့်ပြီးကာမှ၊ သူငယ်ချင်းတွေ မဟာတန်းတက်တာ အားကျလို့ အလုပ်ထွက်ပါရစေဆိုပြီး သွားကြတာ၊ ကျောင်းပြီးရင် ကုမ္ပဏီထောင်ပြီး ဂျူနီယာတွေကို အလုပ်သင်ခန့်မယ်ဆိုပြီး ရည်မှန်းချက်ကြီးကြတာ၊ CT ယူထားတာမို့ Networking ကုမ္ပဏီ မဟုတ်ရင် မလုပ်ချင်ဘူးတို့၊ ကျောင်းပြီးရင် ဟိုဘက်ကုမ္ပဏီမှာ သွားလုပ်မှာ သူတို့က အလုပ်သင်မပေးနိုင်ဘူး အစ်ကို့ ကုမ္ပဏီမှာ အလုပ်သင်ဝင်ပြီး ရင် သူတို့ က ခန့်မယ်ပြောလို့ ဒီကို လာတာပါတို့၊ ကျောင်းပြီးရင်တခါတည်း အလုပ်ဝင်မှ အလုပ်သင်ခန့်မယ်ဆိုရင် အဲဒီကုမ္ပဏီမှာ မလုပ်နဲ့တို့… ပြောပြရရင် အများကြီးပဲ။
ကျွန်တော့်ရဲ့ သဘော (ဇွဲနဲ့ရဲ့သဘော) ကတော့ ပေးဝေခြင်းပါပဲ။ အလုပ်သင်ခန့်တာဟာ အိုင်တီလုပ်ငန်းလောကရဲ့ အခြေခံအုတ်မြစ် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်ဖို့ ပါဝင်ဆောင်ရွက်တာဖြစ်တယ်လို့ ယုံကြည်လို့ အခြားဆရာတွေကိုလည်း တိုက်တွန်းပြီး၊ ထိရောက်တဲ့၊ ကောင်းမွန်တဲ့ ရလာဒ်ရအောင် ကြိုးစားပါတယ်။ လူတိုင်းအတွက်တော့ မလုပ်ပေးနိုင်ပါဘူး။ ဘာမှမရလည်း ကုသိုလ်ရတယ်လို့ပဲတွေးပြီး လုပ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံတွေရ ကိုယ်ချင်းစာလို့ များများပေးဝေနိုင်အောင် အားထုတ်ပါတယ်။ အလကားပေးတာ အ’လို့လို့ ထင်တတ်ကြတယ်။ များများပေးနိုင်လေ ချမ်းသာလေပဲ လို့ယုံကြည်တယ်။
ဇွဲနဲ့ အလုပ်သင်
ကျွန်တော်တို့ဆီမှာ လုပ်ငန်းခွင်ရောက် အလုပ်သင်လာရောက်တဲ့ ကျောင်းသားတွေကို ကျွန်တော်တို့အစုအဖွဲ့ရဲ့ အတွေးအခေါ်နှင့် ဓလေ့တွေကို သင်ပေးပါတယ်။ ကျွန်တော်တို့မှာ ဆရာ၊ တပည့်ဆိုတာမရှိဘဲ၊ အားလုံးဟာ တန်းတူရည်တူ အပြန်အလှန်လေးစားမှုနှင့် လုပ်ဖော်ကိုင်ဖက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်ကပိုင်ရှင်ဖြစ်ပေမယ့် ကျွန်တော့်ကို ဆရာမခေါ်ရပါ။
အလုပ်သင်တွေကို Growth Mindset, Comfort zone vs Learning zone နှင့် Learning method တွေ၊ အမှားမကြောက်ဖို့၊ အမှားက သင်ခန်းစားယူဖို့၊ လေ့လာသင်ယူတတ်ဖို့၊ အကျင့်ကောင်းမွေးမြူနည်းတွေ သင်ပေးပါတယ်။ ဒီနောက်မှာတော့ အားလုံး တပြေးညီ သိရမယ့် လုပ်ငန်းမှာသုံးတဲ့ နည်းပညာ ဝေါဟာရတွေနှင့် သဘောတရားတွေ၊ တာဝန်ယူတဲ့ အပိုင်းအတွက် သိရမယ့်နည်းတွေကို လမ်းပြပေးပါတယ်။ ကျွန်တော်တို့ လုပ်ငန်းခွင်မှာ သင်ကြားပေးချင်ထက်၊ သင်ယူတတ်ခြင်းကို အားပေးပြီး၊ လွတ်လွတ်လပ်လပ် လေ့လာသင်ယူ အမှီအခိုမရှိဘဲ ရပ်တည်၊ တွေးခေါ် လုပ်ကိုင်နိုင်ဖို့ ဘက်ကို နည်းပြပေးပါတယ်။ အများအားဖြင့်တော့ အလုပ်သင် (၃) လမှာဝင်ငွေရတဲ့ လုပ်ငန်းတာဝန်ကို ပေးဖို့ မလုံလောက်ပါဘူး။
အလုပ်ချိန်မှန်ဖို့၊ ပျက်ကွက်နည်းဖို့၊ အလုပ်လုပ်ရင် အစွမ်းကုန်အားထုတ်ဖို့တွေကတော့ ထပ်ခါထပ်ခါ သတိပေးနေရတာမျိုးပါ။ ကျောင်းသား/သူ တော်တော်များများကတော့ ကြိုးစားကြတာမို့၊ ရလာဒ်ကောင်းတယ် ဆိုနိုင်ပါတယ်။
ဒီတစ်နှစ်တော့ ၁၀/၁၂ ဦးထိ ရုံးတွင်းမှာ လက်ခံဖို့စီစဉ်ထားပါတယ်။ လျှောက်ထားသူတိုင်းကို တန်းတူ စီစဉ်ပြီး၊ ကျောင်းပြီးရင် လုပ်ငန်းခွင်ဝင်မယ်၊ မဟာဆက်မတက်ဘူး၊ ဒီလုပ်ငန်းလောကမှာ အတတ်ပညာနှင့် အသက်မွေးမှုပြုမယ့် လူမျိုးကို အခြားအမျိုးအစားတွေထက် ပိုမို ဦးစားပေးဖို့ စီစဉ်ထားတယ်။ သို့တိုင်အောင်တောင် အဝေးရောက်နည်းနှင့် တတ်တိုင်သလောက် ကို လက်ခံဦးမှာပါ။ နောက်ပြီး ခုခေတ်လူငယ်တွေမှာ စာရှည်ရှည်ကို ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း အားနည်းလာကြတယ်။ အခုစာကို ဒီအထိရောက်အောင် ဖတ်သူရှိမှာမဟုတ်ဘူး။
ရုံးမှာတော့ အကြောင်းအရာ စုံတဲ့ စာအုပ်စင်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖတ်ခဲ့တဲ့ စုဆောင်းမှုကို လူတိုင်းဖတ်ဖို့ ပေးထားတယ်။ စာဖတ်နိုင်လေ၊ အာရုံထဲမှာ မြင်နိုင်စွမ်းရှိလေ၊ တွေးခေါ်မှုကောင်းလေမို့၊ စာဖတ်မှ ဖြစ်မယ်။ ခုခေတ်မှာ ဖုန်းထဲပဲ အာရုံရောက်နေကြတော့ စာရှည်ရှည် မဖတ်နိုင်ကြတော့ဘူး။ စာမဖတ်နိုင်တော့ မတွေးနိုင်ကြတော့ဘူး။
ကျွန်တော် IA ဆင်းတုန်းက ကောင်းတာတွေ အတိုင်း အလုပ်သင်တွေကို ရစေချင်ပြီး၊ ခက်ခဲခဲ့တဲ့တွေကို သူတို့ မခံစားရအောင် စီစဉ်ပေးပါတယ်။ ကျွန်တော်လည်း ကိုယ်တွေ့ ဖြတ်သန်းပြီး၊ ကြီးပြင်း၊ တိုးတက်လာခဲ့တာမို့၊ သူတို့တွေမှာလည်း ကိုယ်စီ ရှိကြတဲ့ အလားအလာကောင်းတွေ အတိုင်းကြိုးစားဖို့ပဲ နည်းပြပေးပါတယ်။ ပုံစံခွက်ထဲ မထည့်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မကြိုက်ဘူး။ အရည်အချင်းရှိတဲ့အတိုင်း အကောင်းအဆုံးဖြစ်နိုင်တဲ့ အခြေအနေကို ရောက်ဖို့ ကြိုးစားနိုင်အောင် နည်းပြပေးလိုက်တာပဲ။
ဇွဲ့နဲ့ အဖွဲ့မှာ အလုပ်သင်ဝင်မယ်ဆိုရင်တော့ စည်းကမ်းရှိဖို့၊ ကိုယ်ကိုယ်ကို စီမံတတ်ဖို့၊ စာဖတ်ဖို့၊ တွေးခေါ်ဖို့၊ အကျင့်ကောင်းမွေးဖို့၊ ဇွဲကောင်းကောင်းနှင့် အားထုတ်တတ်တဲ့၊ စဉ်ဆက်မပြတ်လေ့လာသင်ယူတဲ့ အကျင့်ပါဖို့ လိုပါတယ်။ အမှန်တော့ ကျွန်တော်လည်း ဇွဲ့နဲ့မှာ အုပ်ချုပ်/စီမံ အလုပ်သင်တစ်ယောက်ပါဘဲ၊ ကျွန်တော်တော့ တစ်ရက်ထက် တစ်ရက် တိုးတက်အောင် ကြိုးစားနေတုန်းပဲ။