စဉ်ဆက်မပြတ် လေ့လာသင်ယူလေ့ကျင့်ခြင်း

Thar Htet
3 min readMay 20, 2018

ဤဆောင်းပါးကို ယခုနှစ် TIIDE18 Internship Program တွင်ပါဝင်ကြသော ကျောင်းသူ/သား များအတွက် ရည်ရွယ်ရေးသားပါသည်။

အလုပ်သင်ဝင်ကြမယ့် ကျောင်းသူ/သား များ ကျောင်းပြီးဘွဲ့ရလျှင် လုပ်ငန်းခွင်ဝင်ကြတဲ့အခါ၊​ ကွန်ပြူတာနှင့် လုပ်စားသည်ဖြစ်စေ၊ တစ်ခြားအလုပ်လုပ်သည်ဖြစ်စေ ယခုဖော်ပြတဲ့နည်းတွေက အသုံးတည့်ပါလိမ့်မယ်။

ကျွန်တော်လည်း ကျောင်းသားတစ်ယောက်ပါ။ မူလတန်းက စလို့၊​တက္ကသိုလ်မှာ ပညာသင်ကြားချိန်အထိ အတန်းစာတွေ၊ ပညာရပ်များစုံကို သင်ကြားခံခဲ့ရပေမယ့်၊ စာကျက်နည်း၊​ လေ့လာသင်ယူနည်းကိုတော့ ဘယ်သူမှ မသင်ပေးခဲ့ပါ။ စာကျက်ရင်းနှင့်ပဲ ကိုယ့်နည်းကိုယ့်ဟန်လေးတွေ သိလို့ပဲဖြစ်ဖြစ်၊ လူကြီးဆရာမိဘ တစ်ယောက်ယောက်က ပုံစံချပေးလို့ပဲဖြစ်ဖြစ် တစ်နည်းနည်းနှင့် တော့ လေ့လာ၊ သင်ယူ၊ လေ့ကျင့်ခဲ့ကြဖူးမှာပါ။

ကျွန်တော် တက္ကသိုလ်ရောက်တော့ တော်တော်လေး ခက်ခက်ခဲခဲဖြစ်ခဲ့တယ်။ ရည်းစားကတစ်ဘက်၊ အချိန်ပိုင်းအလုပ်လေးကတစ်ဘက်၊ ကျောင်းစာကတစ်ဘက်၊ ဆိုးတာက ဒီပလိုမာတုန်းက Information System နှင့်ပြီးခဲ့တော့ တက္ကသိုလ်မှာ Computer Engineering ကိုယူရတော့ Hardware တွေ၊ Maths တွေက မရင်းနှီးတော့ စိတ်လည်းမပါ၊ လိုက်လည်း မလုပ်တော့ ခက်ခဲခဲ့တယ်။ အခု ပြန်တွေးတော့၊​ လက်ရှိ သိထား၊ တတ်ထားတဲ့ နည်းလမ်းတွေကိုသာ အဲဒီတုန်းက သိခဲ့၊ နားလည်ခဲ့ရင်၊​ တော်တော် လွယ်ကူမှာပါလား၊​ စာလည်းထူးချွန်နေမှာပါလားလို့ နှမြောမိတယ်။

ကျောင်းပြီးသွားလို့ လုပ်ငန်းခွင်ဝင်ပြီး၊​ ဘဝကိုကျောင်းတဲ့အခါ၊ နည်းပညာလောကကြီးရဲ့ အရှိန်အဟုန်နှင့် ပြောင်းလဲမှု မြန်ဆန်တဲ့နောက်ကို မီအောင်လိုက်ရတော့၊ စာပေါင်းစုံဖတ်ပြီး၊​ ပြောင်းလဲမှုနှင့် လိုက်မီအောင် လေ့လာသင်ယူတတ်ဖို့၊ မှတ်မိနေဖို့၊ ပြန်အသုံးချနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့တယ်။ ဒီဆောင်းပါးထဲမှာ အဲဒါတွေထဲက ကျွန်တော် မှတ်သားလေ့ကျင့်ပြီး လက်တွေ့ အသုံးချတဲ့နည်းတွေကို ဖော်ပြပါမယ်။

Memory training, Psychology, Neuroscience, Performance optimisation, Habit building, instructional design ဆိုင်ရာ ဖတ်ရှုလေ့လာဖူးတဲ့ စာအုပ်တွေထဲက အကြောင်းတွေပါပဲ။ ဘာသာပြန်တွေ မဟုတ်ဘဲ၊ လက်တွေ့ အသုံးချလို့အချက်တွေ၊ ကိုယ်တိုင် လုပ်ကြည့်ပြီး၊ မြန်မာပြည်ပါတ်ဝန်းကျင်နှင့် အလုပ်ဖြစ်တာလေးတွေပါ။ Zwenexsys ကဝန်ထမ်းတွေကတော့ မကြာခဏ ကျွန်တော်သင်ပေးတာတွေ ခံနေရတော့ ကြားဖူးပြီးသားတွေဖြစ်မှာပါ။ ဒီဆောင်းပါးမှာတော့ လုံးစေ့ပါတ်စေ့ ရေးလိုက်တယ်။

လေ့လာသင်ယူတတ်ဖို့

  • အတွေး ၂ မျိုးရှိသည်။ ကွန်ပြူတာတက္ကသိုလ်ကျောင်းပြီး သွားပြီဆိုသည်နှင့် ကိုယ်ယူခဲ့တဲ့ Major အလိုက် ဒါနှင့်ပဲ လုပ်စားတော့မည်ဆိုခြင်း တစ်နည်း၊ အခြေခံကွန်ပြူတာသိပ္ပံဆိုင်ရာများကိုတော့ သိပြီ ဘာသာရပ်၊ စာမေးပွဲ ဆိုသည့်အကန့်အသတ်မရှိတော့ဘဲ ကိုယ်ကြိုက်တာကိုကိုယ်ဆက်လက်လေ့လာပြီး ကြိုက်တာကို လုပ်လို့ရပြီဟု တစ်နည်း၊ ကြိုက်တဲ့ အယူကိုယူနိုင်သည်။ ကျွန်တော်ကတော့ ဒုတိယအယူကို ယူသည်။
  • လောကကြီးထဲကို လွတ်လပ်စွာ ဝင်ရောက်ကြပြီမို့၊ ကိုယ်မသိ၊မတတ်သေးတာတွေ သိအောင်၊ တတ်အောင် ဖတ်ရှုလေ့လာသင်ယူရသည်။ တပည့်ခံရသည်။​ သင်တန်းတွေ ဆက်တက်ရသည်။ သို့သော် တန်ဖိုးအရှိဆုံးသော အတတ်များမှာ ပိုက်ဆံပေးဝယ်လို့မရပေ။ ကိုယ့်ကိုယ်ကို အားကိုးပြီး၊ ကိုယ်တိုင်အားထုတ်သင်ယူမှ ဤလောကတွင် ရှင်သန်နိုင်သည်။
  • ကိုယ်တိုင်လေ့လာသင်ယူရသော အခါ Blog များ၊ Online Article များမှသည်၊ စာအုပ်များ၊ online course များ၊ သင်တန်းများကနေ သင်ယူကြရသည်။ မည်သည့်နည်းကို သုံးသုံး အချိန်ကုန်၊ ငွေကုန်ခံပြီးသလောက် အကျိုးရှိစေရန် သိလာ၊ တတ်လာတာမှန်သမျှ ကြာနိုင်သမျှကြာကြာမှတ်မိနေဖို့၊ အသုံးချနိုင်ဖို့ သည် အရေးကြီးဆုံးဖြစ်သည်။
  • ထို့ကြောင့် ပထမဦးစွာ တတ်ရမည်မှာ “လေ့လာသင့်ယူခြင်း အတတ်”​ပင်ဖြစ်သည်။ Learning how to learn ဖြစ်သည်။ ၎င်းကိုတတ်လျှင် သင်ယူစရာ မကုန်သော လောကကြီးတွင် မိမိလိုအပ်သော တတ်၊သိ ပညာကို လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အမြန်ဆုံး လေ့လာသင်ယူ အသုံးချနိုင်မည်ဖြစ်သည်။

လေ့လာသင်ယူခြင်း၏ နောက်ခံ သိပ္ပံအချက်အလက်

သိပ္ပံပညာအားဖြင့် လေ့လာသင်ယူခြင်းတွင် ဦးနောက်ဆောင်ရွက်ပုံ၌ Encoding, Consoliation/Storing and Retrieval ဟုအပိုင်း ၃ ခု ရှိသည်။​ သင်ယူသမျှသည် မှတ်ဉာဏ်ထဲသို့ရောက်သည်။​ မှတ်ဉာဏ်၏ အဓိကအလုပ်မှာ ယခင်ကသိထားခဲ့သမျှကို လက်ရှိတွင် မှတ်မိနေပြီး အသုံးချနိုင်ရနိုင်ရန်ဖြစ်သည်။

ဥပမာ.. ကျောင်းမှာ သင်ခဲ့သော OSI Model တွင် Layer မည်မျှရှိပြီး၊ မည်သည်တို့ဖြစ်သည်။ TCP/IP တွင် မည်သည့် Layer နှင့် အကျုံးဝင်သည်။ OOP တွင် Inheritence နှင့် Implementation မည်သို့ကွာခြားသည် စသဖြင့် သင်ကြားခဲ့ဖူးသော၊ စာမေးပွဲတွင် ဖြေခဲ့ဖူးသည့် အခြေခံအကျဆုံး သဘောတရားများကို ကျောင်းပြီး အလုပ်ဝင်သည်အထိ မှတ်မိနိုင်ခြင်းမျိုးသည် မှတ်ဉာဏ်၏ အလုပ်ဖြစ်သည်။

ထိုသို့မှတ်မိနိုင်ရန် (E)ncoding, (S)torage and (R)etrieval ကိုစနစ်တကျ သိရှိဆောင်ရွက်ရန်လိုသည်။

Encoding ဆိုသည်မှာ လက်ခံရယူနားလည်ခြင်းဖြစ်သည်။ တစ်ဦးနှင့် တစ်ဦးအားသာသည့် အာရုံများ မတူကြပေ။ အချို့သည် ပုံမြင်မှ နားလည်သည်။ အချို့သည် အသံကြားမှ နားလည်သည်။​ အချို့ကမူ စိတ်တွင် စဉ်းစားကြည့်၍ နားလည်သည်။​ သန်ရာသန်ရာအလိုက် နည်းလမ်းဖြင့် လေ့လာပါက မှန်မှန်ကန်ကန်နားလည်နိုင်သည်။ ကိုယ်က ပုံမြင်မှ နားလည်သူဆိုပါက လေ့လာနေသည့် အကြောင်းအရာကိုရှင်းလင်းဖော်ပြသည့် ရုပ်ပုံကို ကြည့်ရှုသုံးသပ်ခြင်း၊ ပြန်လည်ရေးဆွဲခြင်းများဖြင့် လွယ်လွယ်ကူကူနားလည်နိုင်သည်။ အကြားအာရုံသမားဖြစ်ပါက အခြားနားလည်သူတစ်ဦးရှင်းပြသည်ကို နားစိုက်ထောင်၍ဖြစ်စေ၊ စာကို အသံထွက်ဖတ်ခြင်းဖြင့်ဖြစ်စေ လွယ်ကူစွာနားလည်နိုင်သည်။ စိတ်အာရုံသမားမှာမူ မြင်ရုံ၊ ကြားရုံနှင့် နားမလည်၊ အမြင်၊ အကြားမှ သိလာသော အကြောင်းကို စိတ်တွင် ဆက်စပ်စဉ်းစား၊ တွေးတောပြီး နားလည်သဘောပေါက်လေသည်။

မိမိ၏ သန်သန်ရာ လေ့လာမှုအာရုံကို သိရှိ၊ အသုံးချခြင်းဖြင့် ပိုမိုထိရောက်လေသည်။

Storage/Consolidation ဆက်စပ်သိမ်းဆည်းခြင်းတွင် သိမ်းဆည်းပုံမှန်ကန်မှ ကြာကြာမှတ်မိနိုင်ပြီး မြန်မြန်ပြန်ခေါ်နိုင်သည်။​ ဥပမာ စာကြည့်တိုက်တစ်ခုတွင် စာအုပ်များကို အခန်းအတွင်းတွင် ဖြစ်သလို ပုံပြီး သိမ်းဆည်းထားခြင်း နည်းလမ်းနှင့် စာအုပ်စင်များတွင် စာရေးဆရာအမည်စဉ်၊ အက္ခရာစဉ် စသည့် စနစ်တစ်ခုခုဖြင့် သိမ်းဆည်းထားခြင်းနည်းလမ်းတွင် မည်သည်က စာအုပ်တစ်အုပ်ကို လွယ်ကူစွာ ပြန်ရှာဖွေနိုင်မည်မှာ မေးစရာပင်မလိုချေ။

ဦးနှောက်တွင်းရှိ ကလာပ်စည်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး တည်ရှိဖြစ်ရာ၊ အကြောင်းအရာတစ်ခုကို မှတ်မိရန်အတွက်၊​ ရှိနေ၊ သိနေနှင့်ပြီးသော အကြောင်းအရာနှင့် ဆက်စပ်သည့် ကလာပ်စည်းဖြင့် ချိတ်ဆက်ကာ ကလာပ်စည်းအသစ်ကို ဖန်တီးပါက စနစ်ကျသော သိပ်ဆည်းမှု ဖြစ်လာသည်။

အကြောင်းအရာတစ်ခုကို မှတ်ရာတွင်၊​ ယခင်သိရှိထားသည့် ဆက်စပ်သည့် အကြောင်းအရာကို တွေးတောကာ၊ နှိုင်းယှဉ်မှတ်သားခြင်းဖြင့် မှတ်ဉာဏ်ကို ပိုကောင်းစေသည်။

Retrieval ပြန်လည်စဉ်းစားရာတွင် အကြောင်းအရာတစ်ခုကို ရှာဖွေရာ၌ ဦးနှောက်သည် ကလာပ်စည်းများ အကြားရှိ ဆက်စပ်ရာ ကြိုးလမ်းကြောင်းများမှ လျှပ်စပ်လှိုင်းဖြင့်ပေးပို့ရှာဖွေခြင်းကို ပြုလေသည်။ ထို ဆက်စပ်ရာ ကြိုးများသည် လျှပ်စစ်လှိုင်းများများ သွားလေ၊ သဘာဝအားဖြင့် ကြိုးထူလာလေဖြစ်ရာ၊ ကြိုးထူလေလေ ဆက်စပ်မှု ခိုင်မြဲလေလေ၊ မြန်မြန်နှင့် လွယ်လွယ် ရှာဖွေသည့် အကြောင်းအရာကို သိလေဖြစ်သည်။ ထိုဆက်စပ်မှုကြိုးပါးသွားလျှင် ၎င်း ကလာပ်စည်းတွင် ရှိသော အကြောင်းအရာကို မေ့လျော့ခြင်း ဖြစ်လေတော့သည်။

ထို့ကြောင့် ကြာကြာမှတ်မိလိုသော အကြောင်းအရာကို ခဏခဏ ပြန်လည်စဉ်းစား အမှတ်ရခြင်းဖြင့်၊​ ၎င်းနှင့် ဆိုင်ရာ ကလာပ်စည်းများ အကြား ကြိုးထူလာသဖြင့် တော်ရုံနှင့် မမေ့တော့သလို၊ စဉ်းစားလျှင်လည်း ချက်ခြင်းပြန်မှတ်မိလေသည်။ ကျောင်းစာကို စာအုပ်ကြည့်ကာ နှုတ်တိုက်အခါခါ ရွတ်ဆိုနေခြင်းထက်၊ ခဏဖတ်လိုက်၊ ဦးနှောက်မှ ပြန်စဉ်းစားကြည့်လိုက်နှင့် ခဏခဏ လုပ်လျှင် အစတွင် မမှတ်မိသော်လည်း၊ အကြိမ်များလာသည်နှင့် အမျှမှတ်မိလာခြင်း အကျိုးကိုရပေမည်။

အကြောင်းအရာတစ်ခုကို ကြာကြာမှတ်မိလိုလျှင် မကြာခဏ၊ အခေါက်ခေါက်အခါခါ အလွတ်ပြန်လည် စဉ်းစားရမည်။ ခက်ခက်ခဲခဲ ပြန်စဉ်းစားရလေ၊​ပိုမှတ်မိလေဖြစ်သည်။

ဦးနှောက်သည် မိမိလိုသလို ပုံသွင်းနိုင်သည့် ခန္ဓာကိုယ်၏ အင်္ဂါတစ်ခုဖြစ်သည်။ ထို့ကြောင့် မိမိ လေ့လာ၊ သင်ယူ၊ စဉ်းစား၊ လေ့ကျင့်မှုပေါ်မူတည်ကာ အတွင်းတွင် ကလာပ်စည်းမျာ ပြောင်းလဲကြလေသည်။

ကွန်ပြူတာနှင့် နှိုင်းယှဉ်သော် ဦးနှောက်သည် ကွန်ပြူတွင် Hardrive မဟုတ်၊ CPU ဖြစ်သည်။ ဦးနှောက်၏ RAM သည် အကန့်အသတ်ရှိသည်ဖြစ်ရာ၊ ဦးနှောက်ထဲတွင် များများသိမ်းထားခြင်းထက်၊ များများတွေးခြင်းကသာ အကျိုးပိုရှိလေသည်။ များပြားသော အကြောင်းများကို Harddrive တွင် သိမ်းပြီး၊​အသုံးများသည့် အကြောင်းများကို မြန်မြန်ပြန်စဉ်းစားနိုင်ရန် RAM တွင်ထည့်ထားခြင်းဖြင့် CPU လိုသည့်အချိန်တွင် အမြန်ဆုံးရနိုင်လေသည်။ Harddrive ထဲတွင် သိပ်များလာလျှင် External Drive သုံးသကဲ့သို့ အချို့အကြောင်းအရာများကိုမူ မှတ်စုစာအုပ်ထားမှတ်ခြင်းဖြင့် ဦးနှောက်အား သက်သာစေနိုင်သည်။

Blog Article တစ်ခုဖတ်ခြင်း၊ စာအုပ်တစ်အုပ်ဖတ်ခြင်း၊ သင်တန်းတက်ခြင်း စသည်ဖြင့် သင်ယူရတိုင်း ကျွန်တော်လက်တွေ့သုံးသည့် နည်းအချို့ကိုဖော်ပြလိုပါသည်။

(၁) တစ်ခုခုကို လေ့လာရာတွင် ရည်ရွယ်ချက် တိတိပပရှိပြီး၊​ ပြတ်ပြတ်သားသား နားလည်ထားရပါသည်။ ကျွန်တော်သည် လိုအပ်ချက် ရှိမှသာ လေ့လာပါသည်။​ ထို့ကြောင့် ကြုံရာစာတွေ ဖတ်မည့်အစား မိမိသိလိုသော အကြောင်း၊ တတ်လိုသောနည်းကို စဉ်းစား သိရှိထားပြီးဖြစ်သဖြင့်၊ မအပ်စပ်သော အကြောင်းများကိုဖတ်ကာ အချိန်ကုန်ခြင်းမှ လည်းကောင်း၊​ ကောင်းမွန်သော ဆက်စပ်အကြောင်းအရာများကို စိစစ်နိုင်ခြင်းမဖြင့်လည်းကောင်း အချိန်ကုန်သက်သာသဖြင့် အချိန်တိုအတွင်း ရည်ရွယ်ချက်ပြီးမြောက်လေသည်။

(၂) ကျွန်တော်အတွက် Visual, Action နှင့် Thinking နည်းလမ်းသည် အသန်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် ပုံဆွဲခြင်း၊ ချရေးခြင်း၊​ လက်တွေ့လုပ်ကြည့်ခြင်း၊ ပြန်လည်းစဉ်းစားခြင်းဖြင့် မြန်မြန်ဆန်ဆန် နားလည်ပါသည်။ ကျောင်းသား/သူများလည်း ကိုယ်သန်ရာကို စမ်းသပ်ကြည့်ပြီး၊​သိရှိအသုံးချသင့်သည်။

(၃) တစ်ခုခုကိုလေ့လာမည်ဆိုလျှင် ဆရာရှာရပါသည်။ စာအုပ်၊ လူပုဂ္ဂိုလ်၊ သင်တန်း စသည့် တစ်ခုခုတွင် ကျိုးနွံစွာ၊​ နှိမ့်ချပြီး၊​ ကိုယ်သိကိုယ်တတ်စိတ်များကို ဖယ်ထားပြီး၊ ဝေဖန်မှု မလုပ်ဘဲ၊ ၎င်းသင်ကြားပေးသည့် အကြောင်းအရာ၊ အတတ်ပညာကို သင်ကြားပေးသည့်အတိုင်း နားလည်အောင် လိုက်နာကျင့်ကြံသင်ယူပါသည်။ ၎င်း၏ နည်းကို တတ်သွားပြီးမှာ ကိုယ်သိထား၊ တတ်ထားသည်နှင့် နှိုင်းယှဥ်ကာ အမှန်အမှား၊ လက်တွေ့ အသုံးချနိုင်မှုကို အခြေခံကာ၊ မှတ်သားလိုသည်များကို မှတ်သားပါသည်။

(၄) ကျွန်တော် သည် Notes ရေးပါသည်။​ အလွန်ပျင်းစရာကောင်းသည် ဖြစ်သော်လည်း ကျွန်တော် ပြန်ဖတ်လိုသည့်အကြောင်းများလောက်ကို စာအုပ်တွင် မှတ်ပါသည်။ ကျွန်တော်၏ Notes သည် သင်သမျှကို ကူးထားသည်မဟုတ်ပါ။ ကိုယ်မှတ်မိလိုသည်များကိုသာ ရေးသားထားခြင်းဖြစ်သဖြင့် မေ့လောက်လျှင် ပြန်ပြန်ဖတ်ပြီး၊​ ပြန်ပြန်တွေးဖြစ်ပါသည်။

(၅) ကျွန်တော်၏ အဓိက အသုံးချသည့် ကျွမ်းကျင်မှုများကို သုံးတတ်ရန်အတွက်၊ ၎င်းကို အသုံးချနိုင်သော အခွင့်အလမ်းတိုင်းကို ရှာဖွေပြီး အသုံးချပါသည်။ မရှိလျှင်လည်း တမင်သက်သက်လေ့ကျင့်သည့် အခါလည်းရှိပါသည်။ ကောင်းမွန်သော နည်းလမ်းကို မြန်မြန်ထက်ထက် လုပ်တတ်အောင် အတွက် လုပ်ရိုးလုပ်စဉ် ဖြစ်အောင် အလေ့အကျင့် လုပ်ထားပါသည်။ ထိုအခါ ၎င်းကျွမ်းကျင်မှု ကြာလာသော အခါ အလိုအလျောက်ဖြစ်လာပြီး မော်တော်ကားမောင်းရာတွင် ကျွမ်းကျင်သွားသော အခါ စကားတပြောပြောနှင့် မောင်းနိုင်သလို၊ program code တစ်ခုရေးရာတွင် စဉ်းစားစရာမလိုလောက်အောင်ပင် ကျွန်တော် ၏ Text editor ကို ကိုင်တွယ်ဆောင်ရွက်နိုင်လေသည်။

အချုပ်အားဖြင့် မှတ်သားစေလိုသည်မှာ

  • မိမိ၏ သန်သော့ လေ့လာသင်ယူမှုနည်းကို ဆန်းစစ်၊​သိရှိ အသုံးချပါ။ အခြားအာရုံနည်းများကိုလည်း စမ်းသပ်ကြည့်ပါ။
  • မည်သည်ကိုမှ သတိလက်လွတ် သင်ယူမှု မပြုဘဲ၊ ရည်ရွယ်ချက်ရှိရှိ၊ သတိရှိရှိနှင့် E.S.R အဆင့်များအတိုင်း အားစိုက်သင်ယူပါ။
  • မှတ်မိ လိုသော အရာအကြောင်းကို Notes ရေးပါ။ သူများကို ပြန်ရှင်းပြပါ။ ဆွေးနွေးပါ။ အနှစ်ချုပ်ပြီး တွေးတောပါ၊ ရှင်းပြပါ။
  • တတ်ကျွမ်းလိုသော အရာကို တမင်သက်သက်၊ ခဏခဏ လေ့ကျင့်ပါ။ လုပ်ရိုးလုပ်စဉ် ဖြစ်သွားသည်အထိ အလေ့အကျင့် ပျိုးထောင်ပါ။

အရွယ်ရောက်လာသော လူသားတိုင်းသည် ယေဘူယျအားဖြင့် ခြေလက်၊ဉာဏ်ရည် တူညီကြလေသည်။ သို့သော် လေ့လာသင်ယူနိုင်စွမ်း၊ တွေးခေါ်မျှော်မြင်နိုင်စွမ်းပေါ်မူတည်းပြီး ကွဲပြားကြလေသည်။

ဦးနှောက်သည် ပြုပြင်ယူလို့ရသည့် ကြွက်သားပင်ဖြစ်ရာ၊ သတိလေးနှင့် လေ့ကျင့်ပျိုးထောင်ပြီး စဉ်ဆက်မပြတ်လေ့လာမှုဖြင့် ကိုယ့်လမ်းကိုယ်ဖောက် တိုးတက်အောင် မြင်သူတစ်ဦးဖြစ်အောင် လုပ်ယူ၍ ရနိုင်ပါသည်။

(spelling error များ သည်းခံကြပါကုန်။)

Online သည် Facebook တစ်ခုတည်းမဟုတ်ပါ။ ကျွန်တော် မှန်မှန် ဖတ်တာလေးတွေက

  • Medium.com
  • Quora
  • HBR
  • Ebooks in Kindle
  • Audio Books by Audible
  • အတွေးအမြင် မဂ္ဂဇင်း

--

--

Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.