ရိုးရိုးသားသား ဆိုရရင် စာမရေးချင်ပါ။ ပျင်းရိလို့ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခေါက် ကိုယ့် အကြောင်းကိုယ် ရေးခဲ့တာ ၃၉ နှစ်ပြည့် အမှတ်တရ “၃၉-ဗိုက်ပူ” ခေါင်းစဉ်နဲ့ ပါ။ လွန်ခဲ့သော ၂ နှစ်ခန့်က ဇန်နဝါရီ ၂၀၂၂ က လည်း ဒီလိုခေါင်းစဉ်နဲ့ ရေးခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ယောင်တောင် ပေါင်တောင် ဖြစ်နေရာက ၂၀၂၂ မှာတော့ ဘာတွေဖြစ်တော့မယ်၊ ကိုယ်ကတော့ ဘာတွေ လုပ်တော့မယ်ဆိုတာမျိုး စဉ်းစားမိတဲ့ နောက် ရေးဖြစ်ခဲ့တာပါ။ ခေါင်းစဉ်ကိုက အဓိပ္ပါယ် ၂ ခွထွက်တာမျိုးကို တမင်ရွေးခဲ့ပါတယ်။ ပျက်ယွင်းလာတဲ့ အခြေအနေတွေနောက်မှာ အသိမိတ်ဆွေတွေရဲ့ လုပ်ငန်းတွေကတော့ ဆင်ပိန်တော့ ကျွဲလောက်၊ အဲ… ဆိတ်လောက်ပဲရှိတဲ့ ကိုယ့်လုပ်ငန်းကတော့ ဆိတ်ပိန်တော့ ခွေးလောက် ဖြစ်ကရော။ ၂၀၁၃ မှာတည်ခဲ့တဲ့ ကိုယ်ပိုင်လုပ်ငန်းလည်း (၁၀) နှစ်ပြည့်ကို တောင် ဂုဏ်ယူဝင့်ကြွားချိန်မရလိုက်ပါ။
အဲ့ဒီနောက် တော့ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရင်း ၂၀၂၂ မေလ မှာ ပုံမှန်ဝင်ငွေ ရဖို့ အတွက်၊ အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်အကိုင်နှင့် ပြောင်းရွှေ့အခြေချ နေခဲ့တာ၊ ယခုဆို ၂ နှစ်ခန့် ရှိပါပြီ။ ဘာမှလည်း မစုမိ မဆောင်းမိ၊ စားပြီးသောက်ပြီး ကြီးပြင်းလာတဲ့ ကလေး ၂ ယောက်သာ အဖတ်တင်တယ်။
သေမလိုလိုရှင်မလိုလိုနဲ့ အလူးအလဲ ဗရုန်းဗရင်းဖြတ်သန်းခဲ့ရပြီး မိဘဆွေမျိုးသက်ကြီးရွယ်အိုတွေ တိမ်းပါးသွားစေတဲ့ ကိုဗစ်ရောဂါကိုလည်း အခုတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုနဲ့ လူသဘာဝက အမှတ်သညာ နည်းပြီး မေ့လွယ်လိုက်ကြတာ။ ဒါမှမဟုတ် လက်ရှိကို ရုန်းကန်နေကြရလို့ ပြန်ပြောင်းတွေးဖို့ အချိန်မရကြတာလည်းဖြစ်မှာပေါ့။
ကိုယ့်ပတ်ဝန်းကျင်မှာ အသိုင်းအဝိုင်းမှာ အခက်အခဲကိုယ်စီ၊ ဒုက္ခကိုယ်စီ နှင့် ပေမယ့် အမျိုးမျိုးရုန်းကန်နေကြရတဲ့ကြားက မြင်သမျှ၊ ကြားသမျှ၊ ဖတ်မိသမျှ တွေမှာ၊ ပျော်ကြ၊ ပျက်ကြ၊ အားတက်ကျ၊ စိတ်ညစ်ကြ၊ ချမ်းသာကြ၊ ဆင်းရဲကြ၊ ပေါင်းဖက်ကြ၊ ပြိုကွဲကြ၊ မွေးဖွားကြ၊ အိုမင်းကြ၊ သေဆုံးကြနဲ့ အကြောင်းအရာအမျိုးမျိုးဆိုတော့ “လူသဘာဝကိုက ဒီလိုပါလား” လို့ သတိပြုမိလာတာ တကြောင်း။ ကိုယ့်အသက်ရှင်ရပ်တည်မှုဟာ ကမ္ဘာသက်နဲ့ ယှဉ်ရင် သမုဒ္ဒယာကြီးထဲမှာ ရေတစ်ပွက်သာ အခိုက်အတန့်ရှိလို့ ငါ့ရပ်တည်မှုနဲ့ အတွေးအခေါ်ကို လူတွေ သိအောင် ကြေညာနေလို့ အကျိုးမရှိဘူးထင်တာတကြောင်း။ ကိုယ့်အတွေး၊ ကိုယ့်အမြင်က တဖြည်းဖြည်းနဲ့ ဂွကျကျအဖိုးကြီးအတွေးမျိုးတွေ ဖြစ်လာလို့ ကိုယ်ရေးလည်း ခေတ်လူတွေ နဲ့ ဆီလျော်မှု မရှိတော့ရင် ဘာမျှအကျိုးမရှိတာလို့ ယူဆလာလို့ ဘာမျှ မရေးချင်၊ မပြောချင်တော့တာပါပဲ။
ဒီကနေ့တော့ မှတ်မှတ်ရရဖြစ်အောင် အသက်ရှင်နေခဲ့တဲ့ နှစ် ၄၀ နီးပါးအတွင်း ကိုယ်တွေ့ တွေထဲက လက်တွေ့ စမ်းသပ်ရင်း နားလည်၊လက်ခံ ထားတာတွေထဲက ကိုယ့်အသိ မိတ်ဆွေတွေကို သိစေချင်တာတစ်ချို့ကိုပဲ လိုတိုရှင်းတင်ပြပါလိုက်ပါတယ်။
- စံပြနမူနာ (ideal) ဖြစ်စေကြောင်း၊ အကောင်းဆုံးဖြစ်စေကြောင်းကို ယုံကြည်မှု နဲ့ကြိုးစားတာက မမှားပေမယ့်၊ အဲ့ဒီအတိုင်းဖြစ်ကိုဖြစ်ရမယ် ဖြစ်လိမ့်မယ်၊ အဲ့ဒါကလွဲရင် လက်မခံဘူးလို့ ယုံကြည်မှုလွန်ကဲတာဟာ မိုက်မဲ မှုဖြစ်တယ်။ အဲ့ဒီလွန်ကဲတဲ့ ယုံကြည်မှုနဲ့ လုပ်ကိုင်တာရဲ့ အကျိုးဆက်က မကောင်းဘူး။ အရှိကိုအရှိတိုင်း ကောင်း၏ဆိုး၏ သဘာဝကျကျ အရှိအတိုင်းကို လက်ခံ ပြီး လက်တွေ့ကျကျ ဆောင်ရွက်ခြင်းကသာ အကျိုးရှိကြောင်း … (Don’t be a stupid idealist. Be a radical realist.)
- မေတ္တာထားတတ်ရန် မည်သည့် ဘာသာမှ ကိုးကွယ်ရန်မလိုကြောင်း….
- ဆန္ဒ (aspiration)၊ စိတ္တ (mind)၊ ဝီရိယ (effort)၊ ပညာ (wisdom) တို့ကို သတိပြု နှလုံးသွင်းဦးဆောင်စေပြီး လုပ်ကိုင်တာ အောင်မြင်ခြင်း၏ အကြောင်းဖြစ်ကြောင်း….
- ဘုရားဂါထာတွေ နေ့တိုင်း ရွတ်တာထက်၊ သီလ၊ သမာဓိ၊ ပညာ ရဲ့ သမ္မာတရားတွေကို စိတ်ထဲကနေ ပြန်တွေးတော ဆင်ခြင်ပြီး၊ ယူဆ၊တွေးတော၊ ပြောဆို၊လုပ်ကိုင်တာမှန်သမျှ မှန်ကန်အောင်၊ အပြစ်ကင်းအောင် သတိထား၊ တွေးပြောပြု မှာ အမြဲတမ်း ကောင်းစေချင်တဲ့ စိတ်ထား နှင့် ဦးစားပေးဖို့ သတိနဲ့ မွေးမြူခြင်းသည် ကောင်းတဲ့ အကျင့်ဖြစ်ကြောင်း၊ စိတ် ကြည်လင်၊ ငြိမ်းချမ်းရာ ဖြစ်ကြောင်း….
- အရာရာကံကိုပုံချ၊ မေတ္တာရှင်ကြီး၊ တရားရှင်ကြီး ဖြစ်နေခြင်းက မမှန်ကန်ဘဲ၊ အကျိုးသင့်အကြောင်းသင့် မှန်၏၊ မှား၏၊ တရား၏၊ မတရား၏ ကို မျှမျှတတ တွေးတောပြီး တရားမျှတမှုကိုလိုလားခြင်း၊ တရားမျှတအောင် ဆောင်ရွက်ခြင်းက အမှားမဟုတ်ကြောင်း၊ ကုသိုလ်စိတ် ဖြစ်ကြောင်း….
- သီချင်းထဲကလို “လူဆိုတာ အကျင့်ရဲ့ ကျေးကျွန်” ဖြစ်ကြောင်း၊ အကျင့်ဆိုးတွေက တည်ဆောက်စရာ မလိုဘဲ စွဲလန်းတတ်ပေမယ့်၊ အကျင့်ကောင်းတွေကို သတိထား၊ ဝီရိယ စိုက်ထုတ်ပြီး တမင်သက်သက် ထပ်ခါထပ်ခါ လုပ်ပြီးတည်ဆောက်ရကြောင်း၊ ဦးနှောက်ရဲ့သဘာဝက အကျင့် ဖြစ်သွားရင် အလိုအလျောက် လုပ်တတ်တာမို့၊ အောင်မြင်ကြောင်း ကောင်းတဲ့အကျင့်တွေကို တည်ဆောက်ခြင်းက အောင်မြင်ခြင်း၏ အကြောင်းဖြစ်ကြောင်း….
- စွဲလမ်းမှု စိတ်နဲ့ အတ္တစိတ်လေးတွေ၊ လောဘစိတ်၊ ဒေါသစိတ်လေးတွေက တစ်ခါခါ အလွန်သေးငယ် သိမ်မွေ့တာမို့ ကိုယ့်ဖာသာ အယူတွေလွဲပြီး မှန်တယ်ထင်ပြီး လုပ်နေပေမယ့်၊ ပူလောင်နေတာကို ကိုယ်ကိုယ်၌လည်းမသိ၊ ပျော်မွေ့နေပေမယ့်၊ တခြားလူအမြင်မှာ တော့ အလွန်သိသာ ထင်ရှားနေတတ်ကြောင်း….
- လောဘ တက်သည်နှင့် အလိမ်ခံရနိုင်ကြောင်း၊ လောလ မရှိသူ/နည်းသူကို လိမ်ရခက်ကြောင်း….
- လူ့စိတ်ဆိုတာ ကိုယ်အမြဲတွေးနေတဲ့ အတိုင်း ဖြစ်နေတတ်တာမို့၊ ကောင်းမွန်ဆီလျော် သင့်တော်သော အတွေးများကို သာ တွေးတောနေသင့်ကြောင်း….
- ဥစ္စာဓန၊ ပညာဉာဏ်၊ ဂုဏ်ပကာသနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့မှာ လက်ရှိ တပါးသူနှင့် ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ခြင်းထက်၊ မနေ့က ကိုယ်နှင့် ယနေ့ကိုယ်ကို နှိုင်းယှဉ်တွေးတော ကြိုးစားခြင်းသာ စိတ်ချမ်းသာခြင်းဖြစ်ကြောင်း၊ တိုးတက်ရာ အမှန်ဖြစ်ကြောင်း….
- ရည်မှန်းချက် သတ်မှတ်ရာမှာ ကိုယ်တိုင်လုပ်လို့ ဖြစ်နိုင်လောက်တယ်လို့ ထင်တဲ့ အောင်မြင်မှုထက် နည်းနည်း ကျော်လွန် သတ်မှတ်ခြင်းက တိုးတက်မှုကို ဖြစ်စေကြောင်း….
- လက်ငင်းအကျိုးရလာဒ်ထက် အနက်အဓိပ္ပါယ်လေးနက်တဲ့ ရည်ရွယ်ချက်ကိုဦးတည်ဆောင်ရွက်ခြင်းကသာ ရေရှည်တွင် အကျိုးများကြောင်း….
- ကိစ္စတိုင်းတွင် ကြိုးစားအားထုတ်ရုံနှင့် မလုံလောက်ဘဲ ရုန်းကန်လှုပ်ရှားရခြင်း လိုအပ်ပြီး ၎င်းသည် သဘာဝ ဖြစ်ကြောင်း….
- နေ့စဉ်နေ့တိုင်း စာဖတ်ခြင်း အကျင့်သည် နှစ်ရှည်လများ လေ့ကျင့်ပါက တိုးရင်းပေါင်း အကျိုးရရှိကြောင်း….
- “လေ့လာသင်ယူ တတ်ခြင်း” ကိုယ်၌သည် အတတ်ပညာ ဖြစ်ပြီး၊ ၎င်းနည်းကို တတ်ခြင်းဖြင့် ကာလတို အလျင်အမြန် သင်ယူခြင်းနှင့် ရေရှည် တွင် အသစ်အသစ်များ သင်ယူတတ်ကျွမ်းမှု အတွက် အကျိုးများကြောင်း….
- စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း၊ မလိုအပ်သည်များကို မေ့ပစ်ခြင်း တို့သည် ဘဝ တစ်လျှောက် ဉာဏ်ပညာကို နုပျိုစေကြောင်း….
- အနှစ်နှစ်အလလ လေ့လာဆည်းပူး လေ့ကျင့်တတ်ကျွမ်းထားတဲ့ အသိပညာ၊ အတတ်ပညာ တွေသည်လည်း ကာလရွေ့လျားလာတာနဲ့အမျှ မမှန်ကန်တော့တာတွေ၊ အသုံးမဝင်တော့တာတွေ ဖြစ်တတ်တာမို့ ဖက်တွယ်မထားဘဲ၊ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပြီး လိုက်လျောညီထွေ နေတတ်ဖို့ လိုကြောင်း….
- အချိန်မှန်မှန် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ရခြင်းကို ဦးစားပေးရန်လိုပြီး ကျန်းမာရေးအတွက် အရေးကြီးကြောင်း….
- အသက်ကြီးလာတာနဲ့အမျှ အရာအားလုံးထက် ကျန်းမာရေးသာ အရေးကြီးဆုံးဖြစ်ကြောင်း….
- လူဆိုတာ သေသွားရင် ဘာမှ အရေးမပါတော့ကြောင်း၊ မသေခင်စပ်ကြား စိတ်ချမ်းသာ နေရခြင်းကသာ တန်ဖိုးရှိကြောင်း….
- မသေခင် ကိုယ်က ကျေးဇူးပြုဖူးသူ များလေလေ၊ မသေခင် သောက်ရေးပါလေ ဖြစ်ပြီး၊ သေသောအခါ အသုဘ လူပိုစည်လေဖြစ်ပြီး၊ နောက်တော့လည်း မေ့သွားကြမည် ဖြစ်ကြောင်း….
၂၀၂၄ အနာဂတ်မှာ ဘာတွေ လုပ်မယ် ဘာတွေဖြစ်မလဲ ဆိုရင်တော့၊ ကိုယ်ဖြစ်စေချင်တာတွေရော၊ ဖြစ်နိုင်တာတွေရော ကို ရောပြွမ်းပြီး ဗေဒင်ဟောသလို ပြောပြရတော့မှာပါပဲ။
- တရားမျှတမှု သာ အောင်နိုင်မည်ဖြစ်ပြီး မျှော်လင့်နေသူများကြောင့်မဟုတ်ဘဲ ယုံကြည်စိတ်ဖြင့် ရုန်းကန်ကြိုးစားအားထုတ်သူများ နှင့် ထောက်ခံ ပံ့ပိုးသူများ ကြောင့်သာ ဖြစ်ကြောင်း….
- Cloud နည်းပညာအသုံးချမှု သည် ကျေးဇူးများသော်လည်း အသုံးပြုသည့် လုပ်ငန်းများသည် ဝယ်ယူရာတွင် နားမလည်ဘဲ လက်လွန်ကြက်သွန်ဖြစ်ပြီး၊ ကုန်ကျစားရိတ်များလွန်းသဖြင့် အချို့လည်း Cloud မသုံးကြတော့ဘဲ အမြတ်ကျန်ရန် ကိုယ်ပိုင် ဆာဗာများသို့ ပြောင်းရွှေ့ကြသည်ဖြစ်ကြောင်း….
- Generative AI ပေါ်လာပြီး Machine Learning နှင့် AI နည်းပညာသမားများ မျက်နှာပမ်းလှပြီး၊ အခွင့်အလန်းများစွာ ပွင့်လာကြောင်း၊ နားမလည်သည့် middle management များမှာ FOMO (fear of missing out) ဖြစ်ပြီး အလျင်အမြန်လိုက်ပါသူများက တစ်စု၊ AI သည် အန္တရာယ်များပြီး မည်သို့ထိန်းချုပ်ရမည် ပြောသူများ တစ်စုနှင့် ကွဲပြားနေကြောင်း….
- Cloud ရောင်းချသည့် နည်းပညာကုမ္ပဏီကြီး များအတွက်မူ Cloud ကို ဖက်တွယ်စရာ၊ ထပ်တိုး ရောင်းချစရာ ဈေးကွက်အသစ် ဖြစ်လာသောကြောင့် Generative AI ဆိုင်ရာ ဝန်ဆောင်မှုများကို အလျင်အမြန် ယှဉ်ပြိုင် တီထွင် ထုတ်လုပ်နေကြကြောင်း….
- တစ်ဘက်တွင်လည်း OpenSource နည်းပညာနှင့် အရင်းအမြစ်နည်းသော ဈေးသက်သာသော ကွန်ပျူတာများတွင် အသုံးပြုနိုင်မည့် AI တီထွင်မှုများသည်လည်း အရှိန်အဟုန်နှင့် တိုးတက်နေကြောင်း….
- AI နည်းပညာသည် ချမ်းသာကြွယ်ဝသည့် နည်းပညာလုပ်ငန်းကြီးများက လုံးဝ လက်ဝါးကြီး အုပ်ထားသည့် နည်းပညာမဖြစ်စေရန် အရေးကြီးကြောင်း….
- ၎င်းနည်းပညာ တိုးတက်မှုမှာ နေ့စဉ် ဖတ်ရှုလေ့လာနေသည်ပင် မလိုက်နိုင်လောက်အောင် မြန်ဆန်နေကြောင်း၊ ကွန်ပျူတာ နည်းပညာနှင့် အလုပ်လုပ်ကိုင်မည့်သူ မှန်သမျှ၊ ယခင်က စာစီစာရိုက်၊ နောက်တော့ ဂူဂယ်ရှာတတ်၊ နောက်တော့ ဝဘ်ဆိုက်ဘလောဂ့် လုပ်တတ်အောင် လုပ်ကြသလို၊လုပ်ငန်းခွင် မှာ AI အသုံးချနည်းများကိုလည်း အလျင်မီ လေ့လာကြရမည် ဖြစ်ကြောင်း….
- ဆော့ဝဲအင်ဂျင်နီယာများအနေဖြင့် အခြားသော ဆက်စပ် နည်းပညာများကို အသုံးချနည်းလေ့လာသကဲ့သို့ AI အသုံးချဆော့ဝဲ ရေးသားနည်းများကို လည်းကောင်း၊ AI Assistance အသုံးချပြီး လုပ်ကိုင်တတ်ရန် ဆက်လက်လေ့လာမှသာ အဆင့်မီကြမည် နှာတစ် ဖြားသာမည် ဖြစ်ကြောင်း….
- မည်သူ့မဆို Computer Programming ကို ကနဦး လေ့လာသင်ယူရာတွင် အခြေခံစာရင်းအင်းပညာ (Basic Statistic) နှင့် အခြေခံ Machine Learning ပညာများကိုလည်း မဖြစ်မနေ စောစီးစွာ သင်ယူသင့်ပြီဖြစ်ကြောင်း….
- ကနဦးစတင်သင်ယူသူများသာမက၊ လက်ရှိလုပ်ကိုင်နေသူများလည်း လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း….
- Crypto Currency များသည် ရေရှည်တွင် နိုင်ငံအသီးသီးအစိုးရများက ကိုယ်ပိုင် CBDC (Central Bank Digital Currency) များကို ထုတ်လုပ်ကြရင်း၊ ၎င်းတို့ တိုးတက်လာခြင်းနှင့် အတူ၊ လွတ်လပ်သော Crypto Currency များ ကုမ္ပဏီများ သည် အာဏာပိုင်များ၏ ထိုးနှက် ပိတ်ပင်ခြင်းများကို ခံကြမည် ဖြစ်ကြောင်း….
- သို့်သော် Crypto Currency စနစ်များ၏ အခြေပြု Blockchain နည်းပညာများမှာ ဆင့်ကဲ့တိုးတက်လျက်ရှိပြီး၊ Supply Chain, Carbon Footprint Tracing နှင့် Digital Asset ကဲ့သို့ အခြားနည်း အသုံးချမှုများတွင် များစွာတိုးတက်လျက်ရှိကြောင်း….
- အနာဂါတ်တွင် Blockchain များသည် သီးခြားတစ်ခုတည်း မဟုတ်ကြပဲ Multichain, Crosschain နှင့် Interchain နည်းပညာများဖြင့် Chain အချင်းချင်း ဆက်သွယ်ခြင်း ဆီသို့ တိုးတက်ဆောင်ရွက်လျက် ရှိကြောင်း….
- Internet (Inter connection of Network) ဖြစ်ပေါ်လာသကဲ့သို့ Interchain (Inter connection of Blockchain) သည် ဖြစ်နိုင်ခြေအရှိဆုံး လားရာဖြစ်ကြောင်း….
- အခြားဆက်စပ်နည်းပညာများနှင့် အတူ ပေါ်ထွန်းစဖြစ်နေပြီဖြစ်သော Web 3.0 တွင် အသုံးပြုသူများက Internet ပေါ်တွင် မိမိ၏ ဒေတာ အချက်အလက်၊ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှု နှင့် မိမိ၏ ပိုင်ဆိုင်မှုများကို ကိုယ်တိုင်ထိန်းချုပ် သက်သေထူနိုင်မည့် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သော (Decentralized) စနစ် များဆီသို့လားရာရှိနေပြီဖြစ်ကြောင်း….
- နည်းပညာများ တိုးတက်လာခြင်း၊ ခက်ခဲနက်နဲလာခြင်းနှင့် အတူ Cyber လုံခြုံရေးအသိ၊ သတိ၊ ကာကွယ်ရေးနည်းလမ်း နှင့် ကိရိယာ အသစ်များ ဆထက်ထမ်းပိုး တိုးတက်၍လာအပ်လာသဖြင့် ၎င်း ကဏ္ဍတွင်လည်း အလုပ်အကိုင်များစွာ ပေါ်ပေါက်လာ ပြီဖြစ်ကြောင်း….
- သာမာန်လူသာမက၊ လုပ်ငန်းကျွမ်းကျင် သူများ ပင် Online မှ လိမ်လည်မှု များတွင် သားကောင်ဖြစ်ပြီး ငွေကြေး ဆုံးရှုံးကြရသည်ကို အကြိမ်များစွာ တွေ့ရ၍ သတိကြီးစွာထားရမည်ဖြစ်ပြီး၊ အနာဂါတ်တွင်လည်း ၎င်း ဖြစ်ရပ်များ ပိုမို များပြားစွာ ရှိနေဦးမည် ဖြစ်ကြောင်း….
- လိမ်လည်နည်း၊ ခြိမ်းခြောက် အကျပ်ကိုင် ငွေညှစ်နည်း၊ အကောင့်ခိုးယူ၍ ပိုက်ဆံထုတ်နည်း များသည် အလွန် နက်နဲလာပြီး Social Media တိုင်း (LinkedIn အပါအဝင်) တွင် ရှိနေပြီး၊ SMS ဖြင့် SPAM ပို့ခြင်းများ၊ ပစ်မှတ်စာရင်းကို ဆက်သွယ်ရေး လုပ်ငန်း၊ ငွေကြေးလုပ်ငန်းများထဲက မသမာသူများက မသိမသာ ခွင့်ပြုထားခြင်းများ၊ ထုတ်ယူ ရောင်းချ နေသည့် ဖြစ်ရပ်များရှိကြောင်း…
- Software အင်ဂျင်နီယာ လုပ်သူများအနေဖြင့် အခြေခံ Software ရေးသားနည်းများ၊ Web/Mobile Framework များကို တတ်ကျွမ်းရုံနှင့် မလုံလောက်တော့ဘဲ၊ ကုဒ် ရေးသားစဉ်ကပင် လိုအပ်သော Quality စစ်ဆေးရေး နည်းလမ်းများ၊ Security နည်းလမ်းများ၊ Deployment pipeline အတွက် ထည့်သွင်းစဉ်းစားမှုများ၊ ထည့်သွင်း တတ်သည်များ လိုအပ်လာပြီဖြစ်ပြီး သို့မှသာ အနာဂါတ် လုပ်ငန်းခွင်တွင် တစ်ပမ်းသာမည်ဖြစ်ကြောင်း….
- စနစ်များ နည်းလမ်းအသစ်များ သည် ယခင်ကလည်း ပြောင်းလဲခဲ့၊ ယခုလည်း ပြောင်းလဲနေပြီး နောင်လည်း ပြောင်းလဲနေဦးမည်ဖြစ်ရာ အသစ်သစ်များကို သင်ယူလေ့ကျင့်တတ်သည့် “လေ့လာသင်ယူနည်း အတတ်” ကိုလည်းကောင်း တစ်ခုခုကိုတရားသေ ဖက်တွယ်မထားဘဲ ဖွင့်ထားသော စိတ်ကိုလည်းကောင်း မွေးမြူပြီး ပြောင်းလဲမှုများကို မျက်ခြေမပြတ်ဘဲ အသက်ရှင်ရန် နေ့စဉ်အစာစားသကဲ့သို့ နေ့စဉ် ဖတ်ရှုလေ့လာသင်ယူ၍ တမင်သက်သက် လေ့ကျင့်မှုကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းကိုလည်းကောင်း၊ တတ်ယောင်ကား လုပ်စရာမလိုဘဲ မသိသေးလျှင် မသိသေးကြောင်း မိမိကိုယ်သိပြီး အချိန်ယူ၍ လေ့လာသင်ယူလေ့ကျင့်ခြင်း ဖြင့် မိမိ၏ တတ်ကျွမ်းမှု အခြေခံပေါ်မူတည်၍ အချိန်တိုအတွင်း နားလည်တတ်ကျွမ်းနိုင်သည်ကိုလည်းကောင်း မိတ်ဆွေအများ သိရှိစေလိုကြောင်း….
ကျွန်တော် သည် Principle အနေဖြင့်၊၂၀၂၄ နှင့် အနာဂါတ်တွင် စိတ်ကောင်းရှိဖို့က ပထမ၊ သမ္မာတရားတွေကို မျက်ခြေမပြတ်ကျင့်ကြံ၊ ကိလေသာ အတိုးအလျော့တွေကို သတိနဲ့ သိ၊ အချိန်မှန် အိပ်ပြီး မိမိကိုယ်ကို ကျန်းမာအောင်စောင့်ရှောက်၊ တရားမျှတမှုကို မြတ်နိုး၊ အကျင့်ဆိုးတွေကို ချိုးနှိမ်၊ အကျင့်ကောင်းတွေကို မွေးမြူ၊ ဖြစ်နိုင်တယ်ထင်တာထက် နည်းနည်းပိုလို့ ရည်မှန်း၊ လှုပ်ရှားရုန်းကန်မှုရှိလိမ့်မယ်လို့ လက်ခံ၊ “လေ့လာသင့်ယူခြင်း အတတ်”ကို တိုး၍ကျင့်၊ အသုံးမဝင်တော့တာတွေကို မေ့ပစ်၊ ကိုယ်မသိသေး မတတ်သေးတာတွေကို ကိုယ်မသိသေးကြောင်းသိပြီး အသစ်သစ်တွေကို နေ့တိုင်းလေ့လာသင်ယူပြီး ကိုယ့်တတ်ကျွမ်းမှု အခြေခံကနေ ဆင့်ကဲ တိုးတက်အောင်၊ ပြောင်းလဲနေတဲ့ နည်းပညာခေတ်ရေစီးကြောင်းထဲမှာ ဆီလျော် အသုံးဝင်သူ တစ်ဦး ဖြစ်နေအောင် ကြိုးပမ်းရင်းနှင့် မသေခင်စပ်ကြား စိတ်ချမ်းသာအောင် နေသွားမယ်….