Tough Times Never Last, But Tough People Do!

WTF? Zwenex 2021

What’s The Future? Zwenex 2021
၂၀၂၁ ဇွဲနဲ့ အနာဂါတ် ဘယ်လဲ?

Thar Htet
4 min readJul 7, 2021

--

ကုမ္ပဏီ၏ ဦးဆောင် တာဝန်ခံ တစ်ဦးအနေဖြင့် ဝန်ထမ်းအားလုံး သိရှိစေရန် ရိုးသားစွာ တင်ပြတဲ့ စာကို အားလုံးသိအောင်တင်ပြတာပါ။ လွန်ခဲ့သော တစ်နှစ် တိတိကပဲ၊ Zwenex အဖွဲ့သားတွေ WFH အလုပ်လုပ်နည်းကို တင်ပြခဲ့ပါသေးတယ်။ Zwenex လို နည်းပညာဝန်ဆောင်မှုကုမ္ပဏီအသေးစားတွေဟာ ဘယ်လောက်ပြောင်းလွယ်ပြင်လွယ်၊ စွမ်းဆောင်ရည်ရှိသည်ဆိုစေ ပြင်းထန်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ရိုက်ခတ်မှုဒဏ်တွေမှာ ဘယ်လောက် ခံနိုင်ရည်ပျော့တယ်ဆိုတာ စီမံခန့်ခွဲမှု သင်ခန်းစာ ယူစရာပါ။

(၁) Zwenexsys ရာဇဝင် အကျဉ်း

🌟 Zwenexsys | Zwenex | ဇွဲနဲ့ | ဇဝဲနဲ့ | ဇဝန | စေ့ဆော်မှုတွန်းအား။

Zwenexsys (Zwenex ဇွဲနဲ့) ကို (၂၀၁၂) ဒီဇင်ဘာလက စတင် တည်ထောင်လာခဲ့တာ၊ (၂၀၂၀) ဒီဇင်ဘာ မှာ (၈) နှစ် ရှိပါပြီ။ ယခု (၂၀၂၁) ဇွန်လမှာတော့ (၈ နှစ် ခွဲ) ရှိပြီပေါ့။ “ဇွဲနဲ့” အမည်ရဲ့ မူလဇာတိသည် (ဇဝန) ဆိုတဲ့ ပါဠိ စကားလုံးကို အခြေခံပြီး၊ ”လျှင်လျှင်မြန်မြန်ရှိခြင်း၊ တွန်းအား၊ စေ့ဆော်မှု၊ မြန်မြန်ဆန်ဆန် နားလည်ခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေနှီးနွယ်ပြီး အမည်ပေးထားတာပါ။ ဗမာလို အမည် ”ဇွဲနဲ့” ဆိုတာကလည်း ဇွဲကောင်းခြင်း၊ ကြိုးစားအားထုတ်ခြင်း အနှစ်သာရရှိသလို၊ အင်္ဂလိပ်အမည် Zwenex ကလည်း၊ နီးစပ်နာမည်တူ မရှိတဲ့ စကားလုံးအမည် ဖြစ်တယ်။

ကုမ္ပဏီရဲ့ တန်ဖိုးထားတဲ့အရာတွေက၊ Productivity, အလုပ်တွင်မှု၊ Quality အရည်အသွေးနှင့် Growth ကြီးပွားတိုးတက်မှုတို့ ဖြစ်ပြီး၊ ဆောင်ပုဒ်က “Empowering Businesses” “လုပ်ငန်းတွေကို အစွမ်းမြှင့်ပေးခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဂျစ်တယ် နည်းပညာတွေနှင့် လုပ်ငန်းကိုင်ငန်းတွေကိုအစွမ်း မြှင့်တင်ပေးခြင်းပေါ့။

Zwenex သည် (၈) နှစ် တာ ကာလအတွင်းမှာ ပုဂ္ဂလိကကဏ္ဍနှင့် အများဆိုင်ရာကဏ္ဍက လုပ်ငန်းတွေအတွက် နည်းပညာစီမံကိန်းတွေ၊ Software နှင့် IT စနစ်တည်ဆောက်ရေး တွေ ဆောင်ရွက်ပေးခဲ့တယ်။ အဖွဲ့အရွယ်အစားက သေးငယ်ပေမယ့် ထိရောက်မှုရှိတဲ့ ရလာဒ်တွေ ရှိအောင် ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးပါတယ်။

Zwenex မှာ လိင်ခွဲခြား၍ ဖြစ်စေ၊ ဘာသာရေး ခွဲခြား၍ ဖြစ်စေ၊ နိုင်ငံရေးအယူဝါဒနှင့် နောက်ခံရာဇဝင် ကွဲပြားမှုတွေ အပေါ် ခွဲခြား ဆက်ဆံမှု မပြုဘဲ၊ စည်းစည်းလုံးလုံးနှင့် မိမိလုပ်နိုင်ရင် လုပ်နိုင်သလောက် အခွင့်အလမ်း ရယူနိုင်တဲ့ ပတ်ဝန်းကျင်၊ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ဖို့ တွန်းအားပေးတဲ့၊ လေ့လာခွင့်ပြုတဲ့ ပတ်ဝန်းကျင်၊ ကြမ်းတမ်းခက်ထန်ဆဲဆိုရမ်းကားမှု မရှိဘဲ လုံခြုံစိတ်ချ ရတဲ့ လုပ်ငန်းခွင် ရှိနေအောင် အမြဲတမ်းကြိုးစား၊ စောင့်ထိန်းခဲ့ကြမှု မှာ အောင် မြင်မှု ရှိခဲ့ပြီး၊ Zwenex မှာ အလုပ်ဝင် သူတွေရဲ့ အသက်မွေးမှုနှင့် ဘဝ တိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းအဖြစ်လည်း ရပ်တည်ခဲ့တယ်။

(၂၀၂၁) ဇန်နဝါရီလ မှာရှိခဲ့တဲ့ မျှော်မှန်းချက်တွေ၊ အလားအလာတွေသည် Zwenex အတွက် စိတ်လှုပ်ရှားစရာ၊ ဆတက်ထမ်းပိုး ကြိုးပမ်းအားထုတ်စရာ အခွင့်အလမ်းကောင်းတွေပါပဲ။ သို့သော်လည်း Covid-19 နှင့် နိုင်ငံရေးမတည်ငြိမ်မှု လှိုင်းလုံးတွေအောက်မှာ အများနည်းတူ အလူးအလဲ ခံရပါတယ်။

လုပ်ငန်းအပ်နှံသူတွေရဲ့ စီမံကိန်း ရပ်စဲသွားတာတွေ၊ စီမံကိန်း ပြီးစီးသော်လည်း ရစရာ ရှိတဲ့ ဝင်ငွေတွေ မရတော့တာ၊ ရရှိရန်နောက်ကျတာ တွေကြောင့် ကုမ္ပဏီမှာ ငွေသားစီးဆင်းမှု အခက်အခဲ (၂) လ လောက် ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ရပ်တွေ အကြားမှာ၊ ခက်ခဲတဲ့ ကာလအတွင်းမှာ Zwenex ရဲ့ ဦးစားပေး (၁) သည် ဝန်ထမ်းများ အလုပ်ရှိနေဖို့၊ ဝန်ထမ်းများ ဝင်ငွေ ရနေဖို့ပဲဖြစ်တယ်။

(၈) နှစ် ခွဲကာလအတွင်းမှာ Zwenex မှာ ဝန်ထမ်း (၃၈) ဦးသာ ခန့်အပ်ခဲ့ပါတယ်။ နည်းနည်းနှင့်ကျဲကျဲ ဝိုင်းပြီး၊ technology, process နှင့် automation တွေအားကိုးနှင့် အလုပ်တွင်အောင် လုပ်ခဲ့တာပါ။ ၂၀၁၂ ကတည်းက Zwenex ဟာ cloud ကုမ္ပဏီ တစ်ခုဖြစ်နေခဲ့တာပါ။

(၂) ၂၀၂၀-၂၁ ဖြတ်သန်းခဲ့မှု အခြေအနေ။

(၂၀၂၀) ပြည့်နှစ်မှာ Covid-19 စဖြစ်တော့၊ လုပ်ငန်းမှာ ရည်ရွယ်ထားတဲ့ အစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ရရုန်းကန်လှုပ်ရှား၊ ကြိုးစားပြောင်းလဲ ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ ဘယ်လောက်ပင် ခက်ခဲသည်ဖြစ်စေ အခြေအနေနှင့် လိုက်လျော ညီထွေ ဖြစ်အောင် အလိုက်သင့် လိုက်ပါ ပြောင်းလဲပြီး၊ လုပ်ငန်းပြီးမြောက်အောင်၊ ရလာဒ်ကောင်း အောင် ဆောင်ရွက်နိုင်ခဲ့ကြခြင်းများသည်လည်း Zwenex အဖွဲ့သားတွေရဲ့ တစ်ဦးချင်းရော၊ အဖွဲ့လိုက်ရဲ့ ကြိုးစားအားထုတ်မှု၊ သည်းခံနိုင်မှု အရည်အချင်းတွေကြောင့် သာ အောင်မြင်တာ ဖြစ်တယ်။

(၂၀၂၀) အတွင်းမှာ Work From Home လုပ်ရင်းနှင့်ပဲ စီမံကိန်းကြီး (၄) ခုကို ရလာဒ်ကောင်းတွေ နှင့်၊ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ယခင်လုပ်ငန်းခွင် ပုံစံမျိုး မဟုတ်ပေမယ့်၊ ရွေ့လျားမှု ကန့်သတ်ချက်တွေ ကြားထဲမှာ၊ Covid-19 ကူးစက်မှုတွေကြား ထဲမှာ တစ်ဦးတစ်ယောက်မှ ကျန်းမာရေး ထိခိုက်မှု မဖြစ်ဘဲ၊ နည်းပညာအသစ်တွေနှင့် နည်းလမ်းအသစ်တွေကို လျှင်လျှင်မြန်မြန် ပြောင်းလဲ အသုံးပြုနိုင်တာ၊ အခက်အခဲတွေကြားထဲမှာ သည်းညည်းခံပြီး ကြိုးစားခဲ့ကြတာတွေကြောင့် ကုမ္ပဏီမှာ ဝင်ငွေ စီးဆင်းမှု မပြတ်တောက်ခဲ့ဘဲ၊ အဖွဲ့သား အားလုံးသည်လည်း ကြိုးစားသလောက် ဝင်ငွေတိုးမြှင့်ရရှိခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်း စီးပွားရေးမှာ အခြားလုပ်ငန်းကဏ္ဍတွေ ထိခိုက်ကြပေမယ့် Zwenex ကတော့ အားလုံးရဲ့ကြိုးပမ်းမှုကြောင့် တိုးတက်မှုတွေရှိခဲ့တယ်။

💪 အဖွဲ့သားတွေရဲ့ ညီညွတ်မှု စုပေါင်းအားတွေကို ကျေးဇူးအထူးတင်ပါတယ်။ အလိုက်သင့် ပြောင်းလဲ နိုင်တာလဲ တော်ကြပါတယ်။

(၃) ၂၀၂၁ ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲကြောင့် ထိခိုက်မှု။

☔ မမျှော်လင့်၊ မပြင်ဆင်ထားသော နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီး၊ ပထမရက်သတ္တပတ် အတွင်း ပြောင်းလဲသွားသော အခြေအနေများအရ ကုမ္ပဏီ၏ အလုပ်အကိုင်အခွင့်အလမ်း အပြောင်းအလဲတွေ နှင့် ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး၊ ကျန်ရှိလုပ်ငန်းလည်ပတ်နိုင်သည့် ကာလ နှင့် ဝန်ထမ်းအားလုံး၏ အလုပ်အကိုင် အခွင့်အလမ်းအပေါ် ထိခိုက်မှုကို မျှော်မှန်းပြီး၊ ကြိုတင်ပြင်ဆင်နိုင်ဖို့၊ အားလုံးကို ကြိုတင်အသိပေးခဲ့ပါတယ်။ ပြောင်းလဲမှု အခြေအနေကိုလည်း၊ လစဉ်၊ အပတ်စဉ်၊ ထပ်ခါထပ်ခါ လည်း အသိပေး ခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံရေးအပြောင်းအလဲကြီး ဖြစ်ခဲ့လို့၊ အားလုံးသော လုပ်ငန်းတွေဟာ ရည်မှန်းထားတဲ့ အစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ရုတ်တရက် ကမောက်ကမ တွေဖြစ်သွားပါတော့တယ်။ Zwenex လည်း ဒီအဖြစ်အပျက်ရဲ့ ထိခိုက်မှုကနေ မလွတ်ကင်းပါဘူး။ ဖြစ်ရပ် ရဲ့ အကျိုးဆက်တွေ အနေနှင့်ကတော့

  • ရဖို့ရှိတဲ့၊ လုပ်ငန်းသစ်တွေပေးမယ့် Development Partners တွေက လုပ်ငန်းသစ်တွေကို ရက်အကန့်အသတ် မရှိ ဆိုင်းငံ့လိုက်ကြတယ်၊
  • ယခင် ဆောင်ရွက်ပြီးစီးထားတဲ့ အလုပ်တွေအတွက် ပေးချေမှုတွေ မပြုသေးဖို့၊ ဘယ်၍ဘယ်မျှကိုပဲ ပေးဖို့ ရန်ကို Development Partner တွေက ဆိုင်ရာ ဌာနတွေကို ညွှန်ကြားလို့ ပေးချေမှုမရတော့တာ၊ ပမာဏ ကန့်သတ်တာတွေ ခံရပါတယ်၊
  • လုပ်ငန်းလည်ပတ်ရာမှာ ကြိုတင် ဝယ်ယူထားတဲ့ ဝန်ဆောင်မှုကို Zwenex သည် ဆက်လက်ပြီး ပေးချေနေရတယ်၊
  • Zwenex ရဲ့ အဓိက ဝင်ငွေရလမ်း ဖြစ်တဲ့ ဝန်ဆောင်မှုတွေကို ဝယ်သူတွေက ရုတ်တရက် ရပ်ဆိုင်းလိုက်တာ၊ ရရန်ရှိတွေ မရ တာတွေကြောင့် ဖေဖော်ဝါရီမှာ ဝင်ငွေ ရပ်သွားတယ်၊
  • အင်တာနက် ပြတ်တောက်မှုကြောင့် Zwenex အဖွဲ့သားတွေ WFH ကနေ ချိတ်ဆက် ဆောင်ရွက်မှုတွေ ရပ်တန့်သွားတယ်၊
  • နေထိုင်ရာ ပတ်ဝန်းကျင်မှာ အလုပ်ကို အာရုံစိုက်လို့မရလောက်အောင် အနှောက်အယှက်ဖြစ်တဲ့ အပြောင်းအလဲတွေ၊ စိတ်လှုပ်ရှား စိုးရိမ်ပူပန်စရာတွေ ဖြစ်လာတယ်၊
  • ရုံးတက်ဖို့၊ သွားလာဖို့ မလုပ်နိုင်လောက်အောင် ခက်ခဲလာတယ်၊

အကျဉ်းချုပ်ရရင်တော့ လုပ်ငန်းဝင်ငွေစီးကြောင်း ရပ်သွားတယ်၊ အလုပ်အကိုင်အခွင့်အလမ်းမရှိတော့ဘူး၊ အဖွဲ့သားတွေ အပေါ် ဖိစီးလာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အလုပ် မလုပ်နိုင်ကြတော့ဘူး။ လုပ်ငန်းလည်ပတ်မှု လုံးဝ ရပ်တန့်သွားခဲ့တယ်။

သို့ဖြစ်သည့်တိုင်အောင် ကုမ္ပဏီမှာ ရှိတဲ့ ဘဏ္ဍာငွေ လျာထားချက်အတိုင်း၊ ဖေဖော်ဝါရီလ၊ မတ်လ နှင့် ဧပြီလ မှာအားလုံးကို လစာ အပြည့်အဝပေးနိုင်ခဲ့တယ်။

(၂၀၂၁) မေလ နှင့် ဇွန်လ ကာလမှာတော့ Zwenex ရဲ့ ဝင်ငွေစီးဆင်းမှုမရှိတော့တာကြောင့်ရော၊ လက်ကျန် ငွေ နည်းနေလို့ တစ်ကြောင်း၊ လစာငွေ မပေးနိုင်တော့ဘဲ အားလုံးကို တစ်ပြေးညီ ထောက်ပံ့ကြေးပဲ ပေးနိုင်ခဲ့ပါတယ်။

ဇွန်လ နှောင်းပိုင်းမှာ ရှိတဲ့ပကတိ အခြေအနေဟာ ငွေကြေးစီးဆင်းမှုအကြပ်တည်းရော၊ ဝင်ငွေ စီးဆင်းမှု မရှိတာရော၊ အလုပ်မရှိတော့တာ ရောကြောင့်၊ အဖွဲ့သားတွေကို လစာ ရော ထောက်ပံ့ကြေးပါ မပေးနိုင်တော့တဲ့ အခြေအနေကို ဆိုက်နေပါတယ်။

(၄) အနာဂါတ် ဖြစ်နိုင်ခြေနှင့် Zwenex တည်ရှိမှုအတွက် အန္တရာယ်များ

⛈️ Covid19 အလွန် ကာလ ကမ္ဘာ့စီးပွားရေးအခြေအနေ၊ မြန်မာ့စီးပွားရေး အခြေအနေ နှင့်၊ နိုင်ငံရေး အကြပ်အတည်း အလွန် အနာဂါတ်မှာ ရှိလာမည့် နည်းပညာအပြောင်းအလဲ၊ ဈေးကွက် လိုအပ်ချက် နှင့် အလုပ်အကိုင်အခွင့်အလမ်းဟာ ယခင်နှင့် မတူနိုင်တော့ပါ။

Zwenex အနေနှင့် ရှေ့ဆက် ရပ်တည်နိုင်ဖို့ စဉ်းစားရာမှာ၊ နောက် (၆) လ အတွက် လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ဖို့ မျှော်မှန်း ကြည့်ပါတယ်။ Zwenex အတွက်

  • ပတ်ဝန်းကျင်နှင့် နိုင်ငံရေးအခြေအနေက အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ရင်သော်လည်းကောင်း
  • တစ်ဦးချင်းရော အဖွဲ့အလိုက်ပါ ပြောင်းလဲမှု အခြေအနေနှင့် လိုက်လျောညီထွေရှိအောင် မဆောင်ရွက်နိုင်တော့ရင်သော်လည်းကောင်း
  • အလုပ်အကိုင်အခွင့်အလမ်းအသစ်များ မရှိရင်လည်းကောင်း၊
  • ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်းကို အဖွဲ့သားများ ထမ်းရွက်နိုင်စွမ်း မရှိရင်လည်းကောင်း၊
  • လုပ်ငန်းလည်ပတ်ရန် ငွေကြေး မရှိတော့လျှင် လည်းကောင်း

Zwenex ရှေ့လျှောက်ရပ်တည်နိုင်မည် မဟုတ်ပါ။

(၅) လက်ရှိ အခြေအနေအရ၊ ဆက်လက်ဆောင်ရွက်မည့်ပုံစံ။

🌟 ဇူလိုင် လဆန်းမှာ Customer ကုမ္ပဏီတစ်ခုက ကြန့်ကြာနေတဲ့ ပေးချေမှု ကိုပေးမည်လို့ အကြောင်းကြားလာပါတယ်၊ ငွေရှိပြီဆိုတော့ လုပ်ငန်းဆက်လက်လည်ပတ်လို့ရတာပေါ့။

နောက် ဆုံးရတဲ့ ဝင်ငွေကို အသုံးပြုပြီး၊ နောက်ထပ် (၆) လ လည်ပတ်ဖို့ စီစဉ်ပါတယ်။ နောက် (၆) လပြီးရင်တော့ အခြေအနေပေါ်မူတည်ပြီး ကုမ္ပဏီပိတ်သိမ်းဖို့ ရည်မှန်းပါတယ်။ ရုံးခန်းကလည်း ၂၀၂၁ အကုန်အထိ ငှားရမ်းခ ပေးချေပြီးသားလည်းဖြစ်နေ၊ လက်ရှိ စာချုပ်အရ maintenance ပေးရမှာတွေကို ဆက်လုပ်ပေးရဦးမှာကိုး။

(၂၀၂၀) နှောင်းပိုင်း မှာတုန်းက တစ်ဦးခြင်းကို တိုးမြှင့်ပေးထားတဲ့ လစာ ပမာဏတွေဟာ (၂၀၂၁) မှာ ရဖို့ မျှော်မှန်းထားတဲ့ ဝင်ငွေနှင့် ရဖို့ ရှိတဲ့ အလုပ်စီမံကိန်းတွေအပေါ်မှာ အခြေခံပြီး ခန့်အပ်ထား၊ သတ်မှတ်တိုးမြှင့်ပေးထားတာပါ။ အခုတော့ (၂၀၂၁) မှာ ဝင်ငွေ ရလမ်း မသေချာတော့ တာကြောင့် တိုးမြှင့် သတ်မှတ်ထားတဲ့ အတိုင်း ဆက်ပေးဖို့မဖြစ်နိုင်တော့ပါ။

☠️ကုမ္ပဏီရဲ့ လက်ကျန်ငွေ နှင့် ယခင် စာချုပ်များအရ ဆက်လက်ပံ့ပိုးပေးရမယ့် အလုပ်အကိုင်ရရှိမှု အရ၊ မရှိမဖြစ် လိုအပ်သည့် အဖွဲ့ဝင်များကိုသာ အလုပ်ဆက်လက် ခန့်ထားနိုင်ပါတော့တယ်။

ကုမ္ပဏီရဲ့ လက်ကျန်ငွေ ကို ဘတ်ဂျတ် (ရသုံးမှန်းချေ) တွက်ချက်ပြီး၊ အလုပ်ဆက်မခန့်ပေးနိုင်တော့တဲ့ အဖွဲ့ဝင်တွေကိုတော့ ဥပဒေအရ သတ်မှတ် နစ်နာကြေး ကိုတွက်ချက်ပေးပြီး တာဝန်ကနေ ရပ်စဲ ရပါတော့တယ်။ နောက်ဆုံးရခဲ့တဲ့ ဝင်ငွေ ကနေ ပေးတာပါ။ ဆက်လက်ခန့်ထားမည့် အဖွဲ့ဝင်တွေရဲ့ လစာနှုန်းထားကို ပြန်လည်ညှိနှိုင်းရပါတယ်။ ကုမ္ပဏီဘက်က ဆက်လက်ခန့်ထားချင်ပေးမယ့် ဝန်ထမ်းက ဆက်လက်အလုပ်မလုပ်လိုတော့သူတွေကို လည်း ယခုအချိန်မှာ နစ်နာကြေးယူပြီး နှုတ်ထွက်ဖို့ ရွေးချယ်ခွင့်လည်းပေးပါတယ်။ အလုပ်ဆက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မနစ်နာရအောင်ပါ။

Zwenex မှာပါဝင်လုပ်ကိုင်စဉ် ကာလ အတွင်း ကြိုးပမ်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ကျေပွန်မှု၊ အောင်မြင်မှုများအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါတယ်။ အခြေအနေ အကြောင်းကြောင်းအရ အလုပ်အကိုင် အခွင့်အလမ်း မပေးနိုင်တော့ခြင်းအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ Zwenex နှင့် လက်တွဲဖူးသူအဖြစ် နောင်တစ်ချိန် လုပ်ငန်းမှာလိုအပ်ချက် ရှိလာတဲ့ အခါ ဦးစားပေး ပြီး ပြန်လည် ခန့်အပ်ပါမယ်။ ရှေ့ဆက် အသက်မွေးမှု အနာဂါတ်မှာ အောင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။

ဝန်ထမ်း ဆိုပေမယ့် အလုပ်သဘော အရ ဆက်စပ်မှု မရှိတော့ပေမယ့်၊ ကျေးဇူးပြုဖူးသူများအဖြစ်ရော၊ ကျွန်တော်တို့ချင်း ရင်းနှီးသိကျွမ်းမှုကတော့ လျော့သွားမှာ မဟုတ်ပါဘူး။ ဆောင်ရွက်ပေးနိုင်တဲ့ အကူအညီ လိုအပ်ရင်လည်း မိတ်ဆွေရင်းချာ လို ကျွန်တော် တတ်နိုင်စွမ်း ရှိသလောက် ကူညီပေးဖို့ အမြဲတမ်းတံခါးဖွင့်ထားပါတယ်။

😹ရိုးရိုးသားသားပြောရရင်၊လက်ရှိနောက်ဆုံးမှာတော့၊ ရုံးမှာ ကိုယ်ရယ်၊ စာရင်းကိုင် (ရုံး မှန်မှန်မတက်နိုင်တဲ့ ကိုယ့်မိန်းမရယ်)၊ ရုံးအုပ် (အချိန်ပိုင်း အလုပ်ဆင်းတဲ့ ညီငယ်) တစ်ယောက်ရယ်ပဲ ကျန်တော့တာပါ။ ဆိုင်းဆရာလည်းကိုယ်၊ ပတ်မကြီးလည်းကိုယ်၊ ဆိုင်းနောက်ထ သီချင်းဆိုလိုက်၊ ရယ်စရာပြောလိုက်လည်း ကိုယ်ပဲ ဖြစ်နေတာပါ၊ ကိုဗစ် မကိုက်ပါစေနှင့် ပဲ ဆုတောင်းရပါတယ်။

--

--

Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.