ဓမ္မ
အသက်ကြီးလာသောကြောင့် ဖြစ်ကောင်းဖြစ်မည်၊ အနာဂါတ် အကြောင်းကို သိပ်မတွေးချင်တော့ပေ။
ရှေ့လျှောက် ပင်ပန်းရဦးမည် အိုမင်းရဦးမည် နာကျင်ရဦးမည်။ နောက်ဆုံးမှာတော့ သေဆုံးရဦးမည်ဆိုတာ ကို ပိုမို သတိထားမိလာခြင်းကြောင့် “အသက်ရှင်ဖြစ်တည်ရခြင်း၏ အနှစ်သာရကဘာလဲ” ဆိုသည့် ပုစ္ဆာကို အတွေးရောက်မိတိုင်း မတည်မြဲခြင်းသဘော၊ လိုတိုင်းမဖြစ်ခြင်းသဘော၊ မဆုံးနိုင်သည့် အလိုမကျစိတ်၏ လက္ခဏာတွေကို ကွက်ကွက်ကွင်းကွင်း သတိထားမိလာလေလေ၊ အနာဂါတ်အတွက် တွေးတောပူပန်ခြင်း မပြုတော့ဘဲ လောကဓမ္မ ကိုသာ သတ္တုချ၍ အချိန်ကိုက် မီးစင်ကြည့်ကခြင်းဖြင့်သာ ဖြေရှင်းတော့မည်ဟု လူပျင်းအတွေးနှင့် အဆုံးသတ်လိုက်သည့် အကြိမ်ပေါင်းမနည်းတော့ပေ။
လူ့စိတ် သဘာဝကိုက မခန့်မှန်းနိုင်သော မသေချာမရေရာ သည့် အခြေအနေမျိုးတွင် မနေတတ်ပေ။ မျှော်လင့်စရာ ရည်မှန်းစရာ တပ်မက်စရာ တစ်ခုခု ရှိနေမှသာ နေသာထိုင်သာ ရှိသည်။ မရှိလျှင်လည်း ရှာနေတတ်၏။ တွေ့လျှင်လည်း တပ်မက် ယှဉ်တွဲပြီး မျှော်လင့်ချက်၊ ရည်မှန်းချက် များအဖြစ် အသိစိတ်တွင် ရော၊ မသိစိတ်တွင်ပါ သတ်မှတ်ပြီး၊ ခန့်မှန်းနိုင်လောက်သည့် အနာဂါတ်အထိကို မိမိ၏ အတ္တကိုယ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် သဖွယ် ယုံကြည်၍ ရှေ့ဆက်ကြခြင်းဖြင့် ရှင်သန်ကြလေသည်။ ထိုသို့ ဆုံးဖြတ်ချက်ကိုလည်း အမှန်ဟု ယုံကြည်ကြလေသည်။
ယုံကြည်သည့်အတိုင်း တိတိပပ ဖြစ်လာခြင်း မဖြစ်လာခြင်းသည် သိပ်အရေးမကြီး၊ ယုံကြည်စရာ တစ်ခုခု ရှိနေရန်သာ အရေးကြီးသည်ဟု နားလည်မိသည်။
ထိုသို့ မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ဆိုသည်များမှာလည်း အမှန်တွင်မူ ယှဉ်တွဲနေသော ပတ် ဝန်းကျင်က ရိုက်ခတ်မှုများကြောင့် ဖြစ်လာသော အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့ နှင့် စိတ်အာရုံ အရောအနှော ဟင်းလေးအိုးကြီး၏ ဇီဝဓါတု ဓါတ်များ ချယ်လှယ်မှုတွင် ခန္ဓာ၌ တုံ့ပြန်ဖြစ်ပေါ်လာသော အတွေး၊ အပြော၊ အလုပ် တို့ကို မိမိ၏ အတ္တကိုယ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဟု ထင်ယောင်ယုံကြည်နေကြခြင်းသာဖြစ်လေသည်။
၎င်းကို နားလည်ဆင်ခြင်မိတိုင်း ကိုယ်ကိုယ်၌ရော ကိုယ်နှင့် ပတ်သက်ဆက်ဆံနေရသော လူတိုင်း၏ အတွေး၊အပြော၊ အလုပ်များနှင့် သူတို့ကိုယ်တိုင်မမြင်သည့် သူတို့ကို ချယ်လှယ်နေသော အကြောင်းများကို ထင်းထင်း မြင်ရလေသည်။ ထို့နောက် စိတ်တွင် စိုးရိမ်သောက ကင်းသော တည်ငြိမ်မှုကိုခံစားမိ၏။
လက်တွေ့
၂၀၂၄ တွင် ကျန်းမာရေးကုသရန် ခွဲစိတ်မှု ၂ ကြိမ်ခံခဲ့ရသည်။ ခံစားရသည့် ခန္ဓာဒုက္ခ နှင့် ခွဲစိတ်စဉ်အတွင်း စိတ်အာရုံအသိကင်းမဲ့မှုကို ခံရပြီးနောက် သေဆုံးလျှင်လည်း မသိလိုက်ဘဲ ပြီးသွားတာမျိုးလားလို့တွေးမိသည်။ ၂၀၂၄ သည် တကယ် ဂွကျ သည့် နှစ်ဖြစ်သည်။ ၂၀၂၅ တွင် အပြောင်းလဲများစွာ ဖြစ်လာ ဦးမည်မှာ မလွဲ။
၂၀၂၁ နောက်ပိုင်း ပြောင်းလဲ ရှင်သန်ရပ်တည် ရန်ကြိုးစားခဲ့ရာတွင် အခြေခံအကျဆုံး လက်တွေ့ လက်ခံလာရသည့် သင်ခန်း စာများမှာ ငယ်စဉ်က စာသင်ကျောင်းတွင် သင်ခဲ့ရသည့် ဆောင်ပုဒ်များ နည်းတူဖြစ်လေသည်။
၁။ အာရောဂျံ ပရမံလာဘံ။
ကျန်းမာမှ အလုပ်ကောင်းကောင်းလုပ်နိုင်၊ အလုပ်မလုပ်နိုင်ရင် ဝင်ငွေမရ၊ ဝေဒနာပြင်းထန်သလောက် ကုသစားရိတ်ကုန်။ ကျန်းမာနေခြင်းသည်အောင်မြင်မှုဖြစ်၍ ကျန်းမာအောင် နေရမည်။
၂။ ပညာရွှေအိုး လူမခိုး။
ကိုယ်တွေ့ကတော့ ပစ္စည်းဥစ္စာ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ နာမည် ရာထူး ဂုဏ်ဒြပ်များကို သယ်ဆောင်၍ မရ၊ ပျက်စီးတန်ဖိုးကျ ခြင်းများ ရှိသော်လည်း တတ်မြောက်ထားပြီးသော အသိပညာ၊ အတတ်ပညာ ကို ဖျက်ဆီး၍မရ။ ပညာကို အခြေပြု၍ အချိန်ယူကာ ကျန်သည်များကို အလျှင်အမြန်တည်ဆောက်နိုင်ခြင်းက ကိုယ်တွေ့။
၃။ အလေ့အကျင့်ကောင်းများကို မွေးမြူ။
လူ၏ ဦးနှောက်သည် သိပ်တွေးစရာမလိုဘဲ အလိုအလျောက် အချိန်ကိုက်လုပ်ရခြင်းကို ကြိုက်သည့် သဘာဝ ရှိသည်၊ ထို့ကြောင့် ရေရှည်တွင် အကျိုးရှိမည့် ကိစ္စများဆောင်ရွက် ရာတွင် အချိန်တစ်ခု သတ်မှတ်၍ အကျင့်ဖြစ်အောင် ပြုစုခြင်းဖြင့် သိပ်တွေးစရာ မလိုဘဲ အချိန်ကိုက် အလိုအလျောက်ဖြစ်နေခြင်းဖြင့် ရေရှည်တွင် အကျိုးရှိလေသည်။ ထို့အပြင် ရည်မှန်းချက် တစ်ခု ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် စိတ်ရှည်ပြီး နေ့စဉ်အကြိမ်များစွာဆောင်ရွက်ခြင်းနည်းဖြင့်သာ တစ်ချိန်ချိန်တွင် ပြီးစီးရောက်ရှိရန် သေချာလေသည်။ အခြားတစ်ဘက်တွင်လည်း ကိုယ့်ကို အကျိုးယုတ်စေသော အကျင့်များကိုလည်း ခဏခဏ မလုပ်မိအောင် ပပျောက်အောင် လုပ်ရမည်ဖြစ်သည်။
၄။ စဉ်ဆက်မပြတ် လေ့လာသင်ယူ။
ဘဝတက္ကသိုလ်ဟုဆိုကြသည်ကို မှတ်မိကြမည်။ အလုပ်အကိုင်၊ လုပ်ငန်းခွင်၏ အလုပ်လိုအပ်ချက်အတွက်ဖြစ််စေ၊ ရာထူးတိုးအတွက်ဖြစ်စေ သင်တန်းတက်၍ သင်ယူကြလေ့ရှိသည်။ နည်းလမ်း၊ အကြောင်းအရာ အသစ်အသစ်များနေ့ စဉ် ပေါ်ထွက်နေရာ၊ မိမိ၏ အသက်မွေးမှုဆိုင်ရာ အတတ်ပညာ ကို နက်ရှိုင်းစွာ ကျွမ်းကျင်အောင် လေ့ကျင့်ရန် လိုသကဲ့သို့ အခြားဆက်စပ်အကျိုးပြုသည့် အသိပညာ အတတ်ပညာများကိုလည်း ဖြန့်ကျက် လေ့လာနေမှသာ အပြောင်းအလဲတွေအကြား အသုံးကျသူ ဖြစ်နေမည်ဖြစ်သည်။ လေ့လာသင်ယူစရာများစွာရှိရကား တတ်သင့်ရမည်များကို အလွယ်တကူ အလျှင်အမြန် သင်ယူတတ်နိုင်သည့် “သင်ယူနည်းလမ်း” ကို လည်း ကောင်းစွာလေ့ကျင့်ထားသင့်သည်၊ သို့မှသာ မိမိမသိသေးကြောင်း သတိပြုမိလျှင် လိုအပ်ပါက အချိန်တိုအတွင်း ထိရောက်သောအားထုတ်မှုဖြင့် အလျှင်အမြန် လေ့လာသင်ယူ အသုံးချနိုင်မည်ဖြစ်သည်။ အကောင်းဆုံးသော သင်ယူနည်းတစ်ခုမှု ပြန်လည် သင်ပြပေးခြင်းဖြစ်သည်။ ၂၀၂၅ တွင် အချိန်ပေးလုပ်နိုင်ရန် ကြိုးစားရဦးမည်။
၂၀၂၅ တွင်
Web3 နှင့် Blockchain နည်းပညာများသည် ဆက်လက်၍ ဖြည်းဖြည်းနှင့် မှန်မှန်တိုးတက်နေဦးမည်ဖြစ်သည်။ ဧရာမနည်းပညာ ကုမ္ပဏီများအကြား AI နည်းပညာယှဉ်ပြိုင်မှုများမှာ ပြင်းထန်နေဦးမည်ဖြစ်ပြီး၊ ဆက်စပ်နည်းပညာနှင့် ထုတ်ကုန်များလည်း များစွာတိုးပွားလာဦးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရင်းရှင်စီးပွားရေးစနစ် တွင် နည်းပညာဖြင့် ဝင်ငွေများစွာကြွယ်ဝသော နည်းပညာရှေ့ဆောင်လုပ်ငန်းကြီးများ၏ အများစုရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်သူများ၏ တောက်ပြောင်သော ဉာဏ်ပညာနှင့် အချိန်များကို ၎င်း နည်းပညာများ တိုးတက်ရေးတွင် များစွာရင်းနှီးမြှုပ်နှံနေကြ၍ ဖြစ်သည်။
AI Model များ၏ ကြီးမားသော စွမ်းရည်များသည် သင်ယူလေ့ကျင့်နိုင်သည့် အချက်အလက် ရရှိမှု အကန့်အသတ်သို့ ရောက်လာနေပြီဖြစ်သော်လည်း၊ သေးငယ်သော လုပ်ငန်းဆောင်တာ တစ်ခုစီကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှု အစွမ်းဘက်တွင် အသုံးချနည်းလမ်းများစွာ တိုးတက်လာနေသည်။ အလုပ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရန် လုပ်ငန်းဆောင်တာများစွာ ပိုင်းခြားလိုက်ပြီး၊ ၎င်း ကိစ္စရပ်တစ်ခုခြင်းကို AI Agent များ ကလူထက် တိကျကောင်းမွန်စွာ စုပေါင်းဆောင်ရွက်ကာ အလုပ်ပြီးစီးစေသည့် နည်းလမ်းများသို့ ချီတက်နေကြလေသည်။ ဆော့ဝဲသမားတစ်ဦးအနေဖြင့် AI Agent တည်ဆောက်နည်းလမ်းများကို တိုးချဲ့လေ့လာရတော့မည်ဖြစ်သည်။
Blockchain နည်းပညာကို အခြေပြုကာ နိုင်ငံတကာငွေကြေးအစားထိုး Token စနစ်များတွင် ပါဝင်ကာ ကြီးပွားသွားသူများ၊ ဆုံးရှုံးသွားသူများ ပုံစံမျိုးစုံရှိကြသော်လည်း ယုံကြည်ထည့်ဝင်လာသူများတစ်စတစ်စ များပြားလာခြင်းက သမားရိုးကျ ငွေကြေး (money) နေရာတွင် တန်ဖိုးထားစရာ ဒီဂျစ်တယ်တုံကင်များက အစားထိုးလာနေခြင်းကိုတွေ့နေရသည်။ ဤနေရာတွင် AI တွင် ရင်းနှီးမြှုပ်နှံသကဲ့သို့ လုပ်ငန်းကြီးများက မဟုတ်ဘဲ များပြားသော တစ်ဦးခြင်း ရင်းနှီးမြှုပ်နှံသူများ၏ စုပေါင်းယုံကြည်မြှုပ်နှံပုံမှာ ကွာခြားလေသည်။ ထို့အပြင် Blockchain အခြေပြု နည်းပညာများသည် လက်ရှိ Social Media နှင့် အသုံးပြုသူများ၏ အချက်လက်ကို အရောင်းအဝယ်ပြု၍ ကြွယ်ဝလာသော ကုမ္ပဏီများ၏ Centralized Model (ဗဟိုချုပ်ကိုင်မှုပုံစံ) ၏ စီးပွားရေးဆောင်ရွက်ပုံကို ပျက်ပျယ်သွားစေနိုင်သည့် ပြောင်းလဲမှုများသို့ ဦးတည်နေလေသည်။ နောင်တွင် Payment နှင့် Privacy နည်းပညာမြင့် Internet Version အသစ် Web 3 တစ်စတစ်စ ပေါ်ပေါက်လာနေပြီဖြစ်သည်။ အဓိကအကြောင်းရင်းမှာ အရင်းရှင်စနစ်၏ ငွေကြေး (Money) ကိရိယာသည် အများကသဘောတူ ယုံကြည်လက်ခံထားသော အရှိတရားသာ ဖြစ်ပြီး၊ အမှန်တကယ် မရှိချေ။ ဥပမာ ကမ္ဘာ့ ငွေကြေးစုစုပေါင်းသည် ဘဏ်စာရင်းများစုစုပေါင်း ထရီလျံ ၈၀ ရှိသော်လည်း၊ ငွေသားမှာမူ ၈.၂၈ ထရီလျံသာ ရှိလေသည်။ ထို့ကြောင့် အများစု၏ ပိုင်ဆိုင်မှုများသည် ဘဏ်များထဲမှ ဒေတာဘေ့ထဲမှ စာရင်း တစ်ခုသာဖြစ်သည်။ ထိုနည်းတူ လူအများ၏ သဘောတူယုံကြည်လက်ခံထားသော အစားထိုး အရှိတရား “Digital Token” များတိုးတက်လာခြင်း၊ ၎င်းကို အခြေပြု၍ အသုံးပြုမှု၊ စီးပွားရေးနည်းလမ်း အသစ်များကို ဖန်တီးခြင်းများသည် လူများ တည်ထွင်ဖန်တီးထားသော အခြားစနစ်များကို အကျိုးသက်ရောက်မည်မှာ မလွဲပင်ဖြစ်သည်။ ဆော့ဝဲသမား တစ်ဦးအနေဖြင့် Web 3 တည်ဆောက်ရေး နည်းလမ်းများကိုလည်း မျက်ခြေမပြတ်ရှိနေသင့်သည်။
မိမိတို့ နိုင်ငံအရေးသာမက၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံနှင့် ပထဝီနိုင်ငံရေးရိုက်ခတ်မှုများကြောင့် အနောက်နှင့် အရှေ့အလယ်ပိုင်း စစ်မီးများ၏ အခြေအနေပို မဆိုးလာဖို့ ဆုတောင်းရပေဦးမည်။ ဒုတိယကမ္ဘာစစ်၏ သမိုင်းကို သုံးသပ်ကြည့်ပါက၊ စစ်ဖြစ်စေသည့် ကနဦးဖြစ်စဉ်မှသည် ကမ္ဘာလုံးပါဝင်သည့် စစ်ပွဲကြီးဖြစ်ရန် (၈) နှစ်ခန့် ကြာမြင့်ခဲ့လေသည်။ ၎င်း (၈) နှစ်အတွင်း ကျန်နိုင်ငံမှလူများသည် စစ်ဖြစ်နေသည်ဟုပင် မသိဖာသာနေခဲ့မိကြသည်ကို သတိပြုရမည်။ ကမ္ဘာအင်အားကြီးအင်ပါယာ နိုင်ငံကြီးများ ၏ ယှဉ်ပြိုင်မှုများ အကြားတွင် လောဘ နှင့် ဒေါသ ကြီးသော ခေါင်းဆောင်များစွာ ရှိလာခြင်းသည် ကောင်းသောလက္ခဏာမဟုတ်ပေ။
၂၀၂၅ တွင် အလုပ်ကြိုးစားရင်း ရုန်းကန်ကြရဦးမည်။