Back to the Future
လွန်ခဲ့တဲ့ (၉) နှစ် ၂၀၁၂ ကို ပြန်တွေးကြည့်ရင် အဲဒီတုန်းက မျှော်လင့်ချက် အပြည့်နဲ့ပေါ့။ ပွင့်လင်းလာမှု၊ ပူးပေါင်းဆောင်ရွက် လိုမှု၊ ဈေးကွက် ပေါ်ထွန်းလာမှုတွေနှင့် အတူ ဒီမိုကရေစီ လားရာကို သွားလာဖို့ အလားအလာ အပြည့်နဲ့ပေါ့။
လက်ရှိမှာ အဲဒီတုန်းကနှင့်ယှဉ်ရင် ပြောင်းပြန်ကြီးဖြစ်နေပေမယ့်၊ အဲဒီတုန်းက ရှိခဲ့တဲ့ စိတ်ရဲ့ လွတ်လပ်တဲ့ ခံစားမှုမျိုး ပြန်ခံစားရတယ်။ (၁၀) နှစ်နီးပါး တည်ဆောက်လာပြီး ကိုယ်တည်ဆောက်တဲ့ အရာက ကိုယ့်ကို ပြန်ချုပ်နှောင်ထားတဲ့ အနှောင်အဖွဲ့ တစ်ခုကနေ လွတ်သွားပြီး၊ စိတ်ကူးပေါက်ရာ လမ်းကြောင်းကို ပြောင်းလဲဖို့ အခွင့်အလမ်း ရတဲ့ အခိုက်အတန့်လေး တစ်ခု ပြန်ရသလိုမျိုးပေါ့။
ပထမ တုန်းက ယခင်အချိန်ပြည့်အလုပ် (QI) ကထွက်လာပြီး၊ အပေါင်းအသင်းတွေနှင့် Startup လုပ်ဖို့ ကြိုးစားစဉ်က အလုပ်ကထွက်ပြီးတော့ ရှိတဲ့ ခံစားမှုဟာ၊ နွေရာသီကျောင်းပိတ်ရက် ရောက်သွားတဲ့ ကျောင်းသားလေး တစ်ဦးလိုစိတ်မျိုး၊ ၁၀ တန်းစာမေးပွဲတွေပြီးသွားတော့ ကိုယ်အောင်မယ်ဆိုတာ သိထားပြီးသား လွတ်လပ်သွားတဲ့ ကျောင်းသားတစ်ဦးရဲ့ စိတ်မျိုး၊ ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ မသိပေမယ့်၊ လွတ်လပ်မှု၊ အနှောင်အဖွဲ့ကင်းမှုတွေ ရှိပြီး ပေါ့ပါးတဲ့ ခံစားချက်မျိုးကို ခံစားရတယ်။
ဒုတိယ Startup (Rival Edge) ကနေထွက်လိုက်တော့လည်း၊ လွတ်လပ်မှု စွန့်စားမှု စိတ်တွေနှင့် သင်ခန်းစာတွေ အပြည့်၊ ကိုယ်စမ်းသပ်ချင်တာ၊ လုပ်ကိုင်ချင်တာကို လုပ်လို့ ရတော့မယ်ဆိုတဲ့ ပေါ့ပါးတဲ့ ခံစားချက်မျိုး ရခဲ့တယ်။
အခုလည်း၊ တည်ငြိမ်ပြီးတိုးတက်တော့မယ့် ကိုယ့်လုပ်ငန်းကို ကိုဗစ်၊ နိုင်ငံရေး နှင့် စီးပွားရေး ဂယက်တွေ ရိုက်ဖြိုလိုက်တာ တည်ဆောက်ထားခဲ့တဲ့ အုတ်မြစ်တွေ ပြိုလဲလုလုတွေကိုမြေလှန်ပစ်ပြီး၊ ပုံစံပြောင်းလဲနိုင်ဖို့ အစကို ပြန်လုပ်ခွင့် ရတဲ့ ပေါ့ပါးတဲ့ ခံစားချက်မျိုး ပြန်ရတယ်။
၂၀၁၀ ကတည်းက၊ BarCamp, IT Camp, Dev Con စသဖြင့် တို့မှာ ပါဝင်ရင်း၊ IT အသိုင်းအဝိုင်းကလူတွေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့တယ်၊ ကျောင်းသားလူငယ်တွေနှင့် ထိတွေ့ဆက်ဆံခဲ့တယ်။ အခု ပြန်စဉ်းစားကြည့်တော့ လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ ပြောင်းလဲသွားတဲ့ မျိုးဆက်တွေက လူငယ်ပီပီ၊ ပျော်ရွှင်စိတ်၊ စူးစမ်းစိတ်၊ တက်ကြွစိတ်၊ ကြိုးစားစိတ်၊ ခိုင်ခိုင်မာမာ ချီတက်စိတ် တွေဟာ ယခင်က မပိုရင်သာရှိမယ် မလျော့ပါဘူး။ သို့သော် ယနေ့ခေတ်လူငယ်တွေမှာတော့ သူတို့ ကိုယ်တိုင် ရွေးချယ်စရာတွေ၊ သူတို့ အာရုံကို ဖမ်းစားမယ့် အနှောက်အယှက်တွေက ပိုများလာတယ်။ သူတို့ ကိုယ်၌ရဲ့ အာရုံကိုပေးပစ်လိုက်သလို၊ သူများတွေရဲ့ အာရုံကိုဖမ်းစားနိုင်တဲ့ ဖန်တီးမှုတွေ လုပ်ကြတဲ့ ခေတ်ကို ရောက်နေတော့တာပဲ။ နည်းပညာအားနဲ့ မောင်းနှင်းနေတဲ့ အာရုံအရောင်းအဝယ်စီးပွားရေး (Attention Economy) ပေါ့။ Facebook ဖောင်ဒါ ငနဲသားဇူဇူတစ်ယောက် လူတိုင်းအာရုံတွေ သူ့ဆီကနေ ဘယ်မှမသွားအောင် ခေါင်းမှာ စက်တပ်ပေးဖို့ လမ်းကျောင်းနေတာသာကြည့်။
နောင် (၁၀) နှစ်ကို ကြိုတင်မျှော်တွေးကြည့်တဲ့အခါ၊ ကိုယ့်အယူကတော့၊ အနာဂါတ်ဆို တာ လူငယ်တွေနှင့် လူငယ်တွေက တည်ဆောက်မှာမို့ ကိုယ်ဘေးမရောက်သွားအောင်က သူတို့ ကို နားလည်ပြီး သူတို့နှင့် လိုက်လျောညီထွေဖြစ်အောင် နေမှ၊ သူတို့ကို တန်ဖိုးတက်အောင်လုပ်ပေးနိုင်မှ၊ ကိုယ်လည်းဘောင်ဝင်ပြီး အနာဂါတ်မှာ ဆီလျော် ဆက်စပ်၊ အသုံးဝင်သူဖြစ်နေဦးမှာပဲ။
What (I see) is the Future in 2022
၂၀၂၂ ဟာ ကျွန်တော်တို့ အတွက် ၂၀၂၀၊ ၂၁ ထက်ပိုလို့ ခက်ခဲလိမ့်မယ်။ ဒွိစုံအကျပ်အတည်း (double crisis) ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ကျော်ဖြတ်ရမယ့် နှစ်ပဲ။
- နိစ္စဓူဝ ကိစ္စတွေကို လုပ်ရင်း၊ COVID ကြောင့် ခရီးသွားလာ အကန့်အသတ်တွေကို ဖွင့်ချီ၊ ပိတ်ချီလုပ်ရင်း၊ ဗိုင်းရပ်မျိုးကွဲသစ်တွေနှင့် အသက်မသေအောင်၊ အိပ်ယာထဲမလဲသွားအောင် သတိထားပြီး၊ နှစ်ပေါက်အောင် နပမ်းလုံးရဦးမယ်။
- မြန်မာပြည်မှာ ဆုံးရှုံးသွားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ အလုပ်လက်မဲ့တွေ၊ ပျက်စီး/ကျုံ့ဝင်သွားတဲ့ ဈေးကွက်တွေ၊ ငွေကြေးလည်ပတ်မှုအကျပ်အတည်း စတဲ့ လူထုတစ်ရပ်လုံးကို ရိုက်ခတ်တဲ့ အခက်အခဲတွေဟာ လက်ရှိအချိန်ထိ အဆုံးသတ်ကိုမမြင်နိုင်သေးဘူး။
- ယိုယွင်းလာမှုတွေ ရှိနေတဲ့ အခြေခံအဆောက်အဦ။ ရေ၊ မီး၊ လျှပ်စစ်၊ မိုဘိုင်းနှင့် အင်တာနက် ကွန်ယက်တို့ အပေါ် အကန့်အသတ်တွေ ကြောင့် ရှိရင်းစွဲပြဿနာတွေဟာ ပြည်မှည့်ပြီး ရင်းလာတဲ့အနာစိမ်းလို တစ်ဆစ်ဆစ်ကိုက်ခဲပြီး၊ ကာလတစ်ခုမှာ လည်ပတ်မှုတွေရပ်တန့်သွားနိုင်တယ်။
- မကြာခန နှင့် အချိန်ကြာကြာ လျှပ်စစ်မီးပြတ်တောက်မှုတွေ၊ လောင်စာနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုတွေ၊ စားနပ်ရိက္ခာရှားပါးမှုနှင့် အထွေထွေကျပ်တည်းမှုတွေကြောင့် အဂတိ၊ ရာဇဝတ်မှုနှင့် လူမှုရေးပြဿနာတွေကို အဆတိုးအောင် မီးထိုးပေးသလို တရိပ်ရိပ်တိုးလို့ ပျက်စီးလာမှာပဲ။
- အနာဂါတ်မှာ ပေါ်ထွန်းလာမယ့် လူမှုစီးပွားနိုင်ငံရေးအခြေအနေသစ်မှာ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းလိုအပ်ချက်တွေ အများကြီး ရှိလာလိမ့်ပေမယ့် ဆန်းသစ်တီထွင်ဉာဏ်နှင့် ဖန်တီးမှုကောင်းတွေနှင့် ဖြေရှင်းမှုကောင်းတွေ လုပ်နိုင်မှ လိုအပ်ချက်ကို ပြည့်မီအောင် လုပ်နိုင်လိမ့်မယ်။ ပြဲနေအောင် လုပ်ရင်တောင် မလုံလောက်ဘူး။ မှန်ကန်၊ မြန်ဆန်၊ တိကျထိရောက်တဲ့ စနစ်တွေ၊ လူတွေနှင့် နည်းပညာ အကူအညီတွေနှင့် ပူးပေါင်းဆောင်ရွက်တတ်မှုတွေနှင့် အလျင်အမြန် ရွေ့လျားပြီး ပြဲ၊ ရွဲ နေအောင် လုပ်မှ၊ ဆဲခံရတာတွေကို အံခဲပြီး လုပ်နိုင်မှ ရမယ်။ အလှည့်ကျရင် မနွဲ့ကြစတမ်းပေါ့။
ပြည်တွင်းမှာ ခက်ခဲမှာဖြစ်သလောက်၊ ပြည်ပမှာ Post COVID ကာလ ပြောင်းလဲမှုတွေက နည်းပညာဈေးကွက်မှာ တဟုန်ထိုး ပြောင်းလဲစရာတွေချည်းပဲ။ တစ်ချို့ကို စဉ်းစားကြည့်ရင်။
- COVID ရဲ့ ဘေးထွက်အကျိုးဆက်တွန်းအားက Digital နည်းပညာ အသုံးပြုမှုတွေနှင့် အဝေးကနေပူးပေါင်းလုပ်ကိုင်မှုနည်းလမ်းတွေကို မြန်ဆန်လာစေတယ်။ နည်းပညာကို လက်လှမ်းမီတဲ့ လူထုအသိုင်းအဝိုင်းကတော့ ဒီအပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို လက်ရှိမှု ခံစားကြရတယ်။
- တိုးတက်လာတဲ့ နည်းပညာတွေထဲမှာ Blockchain, Quantum, Cloud, Machine Learning နှင့် Data ပေါကြွယ်ဝမှုရှိတာလာတွေသည် မှော်ဝင်ဟင်းလေးအိုးကြီးမှာရောနှော ဖန်ဆင်းလိုက်သလို၊ နည်းပညာအသုံးချ ဈေးကွက်အသစ်တွေကို မြင်ယောင်နေကြပြီ။
- Public & Private Cloud နှင့် serverless နည်းပညာအသုံးချမှုတွေ၊ Cloud က ဈေးကွက်နေရာတော်တော်များများကို နေရာယူလာမယ်။
- Data စုမိဆောင်းမိ ဖြစ်လာတဲ့ လုပ်ငန်းတွေက Data အသုံးချနည်းတွေကို လုပ်ဖို့ နားလည်လာမယ်၊ လုပ်ဖို့ နည်းလမ်း ရှာကြလိမ့်မယ်။ Software ထုတ်ကုန်တွေမှာ AI Solution တွေ သုံးဖို့အတွက် အကြံပြုရေး နှင့် တည်ဆောက်ရေး လုပ်ငန်း လိုအပ်ချက် ဈေးကွက်ပေါ်လာပြီး၊ တဟုန်ထိုးကြီးလာလိမ့်မယ်။
- အစိုးရတိုင်းက ကိုယ်ပိုင် CBDC လုပ်ကြလိမ့်မယ်။ ဘဏ်တွေကလည်း De facto standard ဖြစ်တဲ့ Crypto တွေအတွက်ရော Exchange တွေနှင့် ချိတ်ဆက်မှုတွေရော၊ အစိုးရအသီးသီးရဲ့ CBDC platform တွေနှင့် ချိတ်ဆက်မှုတွေရော လုပ်ဖို့အတွက် ဝန်ဆောင်မှု လုပ်ငန်းနှင့် Software ထုတ်ကုန်လိုအပ်ချက် ဈေးကွက်ပေါ်လာမယ်။
- COVID ကြောင့် Education ရယူပုံပြောင်းသွားပြီး၊ ကမ္ဘာပေါ်မှာ ကြိုက်တဲ့ပညာကို ကြိုက်တဲ့နေရာက နေ သင်ယူလို့ ရတဲ့ ဈေးကွက်ကြီး ပေါ်ပေါက်ကြီးထွားလာမယ်၊ အဲဒီအတွက် လိုအပ်တဲ့ နည်းပညာ အထောက်အပံ့လိုအပ်ချက် ဈေးကွက်လည်း ရှိလာမယ်။
Work and Career
နောင် (၅) နှစ်အတွင်းမှာ (အသက် ၃၈-၄၂ အတွင်း) အနာဂတ်မှာလာမယ့် ရိုက်ခတ်မှုလှိုင်းတွေကို လိုက်ပါစီးနင်းဖို့ ပြင်ဆင်ရမယ်။
- (၁) စီးပွားဖြစ် တန်ဖိုး ဖန်တီးမှုတွေ လုပ်ခွင့်မသာသေးရင် ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်နားကလူတွေကို တန်ဖိုးမြှင့်တင်တာတွေ လုပ်မယ်။ အချိန်ပိုတွေကိုသုံးပြီး လေ့လာသင်ယူမှုတွေ၊ မျှဝေသင်ကြားပေးတာတွေလုပ်မယ်။ ကိုယ်ဆီမှာ ရှိရင်းစွဲ ဂုဏ်နာမည် ထွက်ပြီးသား အသိပညာ၊ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံတွေကို အခြေပြုပြီး၊ တိုးမြှင့်မယ်။
🎯 အသစ်လေ့လာထားတဲ့ Data အသုံးပြု ဆောင်ရွက်နည်း Data Analysis, Data Engineering နှင့် Data Science ကျွမ်းကျင်မှု၊ Blockchain တည်ဆောက်ရေး၊ DApp တည်ဆောက်ရေး ပေါင်းစပ်နည်းကျွမ်းကျင်မှု နှင့် AI Solution တည်ဆောက်နည်းတွေ၊ စီမံကိန်း စိတ်ကူးဖန်တီးမှုနှင့် စီမံခန့်ခွဲမှုကိုတတ်ကျွမ်းတဲ့ အတွေ့အကြုံရှိ Software Engineer, Cloud Solution Architect တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို တည်ဆောက်မယ်။
- (၂) Sustainable ဖြစ်ပြီး၊ အလိုလို Filter လုပ်နိုင်တဲ့၊ အများကြီးလည်း အချိန်ပေး အားစိုက်စရာမလိုတဲ့၊ တွဲဖက် အင်ဂျင်နီယာ လေ့လာသင်ကြားရေး ပိုက်လိုင်း တစ်ခုကို တည်ဆောက်ထားမယ်။ အသစ်တွေကို ကိုယ်တိုင် လေ့လာနိုင်တဲ့ လူတွေမွေးထုတ်မယ်။ Engineering Team ကို ယခင် က HR အမှားတွေကို ပြင်ဆင်ပြီး၊ ပြန်ဖွဲ့စည်းမယ်။ ခေတ်သစ် လူငယ် လုပ်သားစု သဘာဝနှင့် လျော်ညီတဲ့ အလုပ်အဖွဲ့ ဖြစ်အောင် လုပ်မယ်။
- (၃) Software တည်ဆောက်ရေးမှာ Low-Code, No-Code tools တွေကို အခြေပြုပြီး စားရိတ်သက်သာ၊ အမြန် တည်ဆောက်နိုင်တဲ့ စီမံကိန်းများတွေကို အဓိကလက်ခံပြီးလုပ်ပေးမယ်။ Serverless နှင့် Microservice architecture ကို Cloud နှင့် အသုံးပြုနိုင်မယ့်၊ သုံးဖို့လည်း သဘောတူတဲ့ ဖောက်သည်တွေအတွက်ပဲ အဓိက လက်ခံပြီး လုပ်ပေးမယ်။
- (၄) Serverless နှင့် AI နည်းပညာ သုံး Education IT Support နည်းပညာ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှု တစ်ခုကို တည်ဆောက်ပြီး၊ ပြည်တွင်းနှင့် ASEAN အဆင့် Private Tutor တွေ၊ ကျောင်း(အသေး)တွေကို ရောင်းမယ်။
- (၅) ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရှိတဲ့ AI နည်းပညာ Startup တွေနောက်ကနေပြီး၊ သက်သာတဲ့ ဈေးနှင့် Minimal Viable Product တွေ စမ်းသပ်မှုတွေ၊ Blockchain နှင့် DApp တည်ဆောက်ခြင်း service၊ Data analysis/engineering/science service တွေကို လုပ်ပေးမယ်။ Startup နှင့် SMB က Executive အဆင့်တွေကို Blockchain, AI, DS နှင့် ML နည်းပညာ အကြောင်း Consultation နှင့် Executive Training တွေပေးမယ်။
- (၆) Blockchain System အသစ်တည်ဆောက်ရေး၊ DApp တည်ဆောက်ရေး၊ Crypto Exchange နှင့် CBDC တွေကို financial software တွေနှင့် ချိတ်ဆက်ပေးတဲ့ ကြားခံ Software တည်ဆောက်ရေးကို ဖြည်းဖြည်းချင်း လုပ်သွားပြီး၊ Sample Product တွေဆောက်ထားမယ်။ Blockchain/Crypt/CBDC စီမံကိန်းမှာ တင်ဒါပြိုင်တဲ့ ကုမ္ပဏီတွေ အတွက် Tech partner / provider အဖြစ် လုပ်မယ်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ စိတ်ကူးထဲကဟာတွေကို ချရေးလိုက်ပြီး ကိုယ့်ကိုယ်ကို မကရသေးတဲ့ ဇာတ်ကြောင်းပြောပြပြီး စည်းရုံးရတာပေါ့။ 🤣စိတ်မှာဖွဖွ စဉ်းစားရင်း၊ လုပ်ရင်းကိုင်ရင်းနှင့်ပဲ ရှေ့ဆက်ပြီး ရောက်ချင်ရာရောက်၊ ဖြစ်ချင်ရာ ဖြစ်တတ်တာလဲ လောကရဲ့ သဘာဝပါပဲ။ ကြိုးစားတိုင်း မဖြစ်လာရင်လည်း စိတ်ပျက်စရာ မရှိပါဘူး။ လူဆိုတာ တစ်နေ့ကျ သေရမှာပဲလေ၊ သေသွားတော့လည်း ဘာမှ အရေးမပါတော့ပါဘူး။