Work-From-Home — Zwenex အဖွဲ့နည်း

Thar Htet
5 min readJul 5, 2020

--

Covid-19 ဖြစ်တော့ Work From Home (WFH) လုပ်ကြရာမှာ လုပ်ငန်းတွေ၊ အဖွဲ့ဝင်တွေ လက်သင့်ရာ နည်းပညာတွေကို ယူပြီး၊ အလုပ်မရပ်သွားအောင်ကြိုးစားကြပါတယ်။ ယခု ဆောင်းပါးမှာ ကျွန်တော့်ကုမ္ပဏီက၊ ကျွန်တော့်အဖွဲ့ဝင် (ဝိုင်းတော်သား) တွေ ဒီဂျစ်တယ်နည်းတွေကို သုံးပြုပြီး ဘယ်လိုအလုပ်ဖြစ်ကြတယ်ဆိုတာတင်ပြပါမယ်။

ကျွန်တော်တို့ ကုမ္ပဏီက COVID မဖြစ်ခင်ကတည်း အားလုံးနီးပါး ဒီဂျစ်တယ်နည်းကို သုံးပြီး၊ ရုံးတွင်းမှာ တည်ထားတဲ့ အရင်းအမြစ်မရှိဘဲ၊ Cloud ပေါ်မှာပဲရှိနေတာကြောင့်လည်း လွယ်လင့်တကူ လုပ်လို့ရတာပါ။ ရုံးထဲမှာက လူရယ်၊ ကွန်ပျူတာရယ်၊ မြန်နှုန်းမြင့် အင်တာနက်ရယ်ပဲ ရှိကြပြီး၊ ကျန်တဲ့ လည်ပါတ်၊ သိမ်းဆည်း၊ မျှဝေချင်း အကုန်လုံးက Cloud နည်းပညာနှင့် ဝန်ဆောင်မှုများကို သုံးကြပါတယ်။

WFH ရယ်လို့ လုပ်ကတဲ့အခါ၊ ကိုယ့်အိမ်မှာကိုယ် တကိုယ်ရည်သုံးဖို့ အင်တာနက်တပ်ဆင် ထားလို့ အသင့်ဖြစ်တဲ့လူတွေ ရှိသလို၊ မရှိတဲ့လူတွေကျတော့ ရုံးက စားရိတ်နှင့် အင်တာနက် တပ်ဆင်ပေးလိုက်ပါတယ်။ အိမ်ကအလုပ်လုပ်ရတဲ့ကာလာအတွင်းမှာ မီတာခ ကုန်ကျနိုင်တာမို့၊ အဖွဲ့ဝင်တိုင်းကို တစ်လလျှင် တစ်သောင်းကျပ် ထပ်မံပံ့ပိုးပေးပါတယ်။ ပြီးတော့ အိမ်မှာ အလုပ်လုပ်တဲ့အခါ၊ ကြမ်းခင်းမှာ ထိုင်ပြီး၊ စားပွဲပုလေးနှင့် တစ်နေကုန်လုပ်တာမျိုးမလုပ်အောင်၊ စားပွဲ၊ ကုလားထိုင် ဝယ်ဖို့လည်း တိုက်တွန်းပါတယ်။ ဒီလိုနှင့်ပဲ တစ်လအတွင်းမှာ အားလုံး ကျကျနနနှင့် အိမ်ကနေ သပ်သပ်ရပ်ရပ် အလုပ်လုပ်နိုင်ကြတော့တာပါပဲ။

ကျန်တာကတော့ ကျွန်တော်တို့ လုပ်ကြတဲ့ ဓလေ့လေးကို ဆောင်ရွက်ပုံ၊ နောက်ခံအကြောင်းရင်းနှင့်၊ အကျိုးကျေးဇူးတွေကို လိုရင်းတိုရှင်း ဓါတ်ပုံများနှင့် တင်ပြထားပါတယ်။

COVID မဖြစ်ခင်၊ WFH မလုပ်ခင်၊ ရုံးမှာကတည်းက Zwenex ရဲ့ Project Management အတွက် Basecamp3 ကိုသုံးပါတယ်။ လွယ်ကူရှင်းလင်းတာရယ်၊ ခန့်မှန်းနိုင်တဲ့ ကုန်ကျစရိတ်ရယ်၊ 37Signals ကကျေးဇူးရှင်တွေ ဝင်ငွေရှိတော့ Ruby on Rails platform ကို စိတ်ရှည်လက်ရှည်တိုးတက်အောင် လုပ်နိုင်အောင်အတွက် အားပေးရာလည်းရောက်တာကြောင့် Basecamp3 ကို သုံးတာပါ။

Basecamp3 Software ကအဓိက မဟုတ်ပါ။ ယခင်က Jira နှင့် အခြားသော Software များကို သုံးခဲ့ဖူးပါတယ်။ အဓိကက ဝိုင်းတော်သားတွေအားလုံး ပုံမှန် အသုံးပြုကြဖို့နှင့် လုပ်စရာရှိတဲ့ အလုပ်ကို ဘုံသုံးတဲ့ စနစ်မှာ အချင်းချင်းဆက်သွယ်ဆောင်ရွက်ပြီး၊ အလုပ်ပြီးမြောက်စေဖို့ကအဓိကပါ။ Basecampe3 ထဲမှာအဖွဲ့အလိုက် Project တွေအလိုက် စုစည်းထားတဲ့ Todo List, Messaging Channel, Documents တွေနှင့် ပုံမှန်သတင်းပို့ရတဲ့ စနစ်တွေရှိပါတယ်။ အားလုံးက လုပ်ငန်းဆောင်ရွက်ရာမှာ ဒါကို အသုံးပြုတာ အကျင့်ဖြစ်နေတော့ ရုံးထဲမှာရှိရှိ၊ အဝေးရောက်နေနေ၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆောင်ရွက်ရတာခြင်းအတူတူပဲဖြစ်နေတော့တာပါ။

Zwenexsys on Basecamp3

အောက်မှာမြင်ရတဲ့ ပုံကတော့ Activity စာမျက်နှာပါ။ တစ်ဦးတစ်ယောက်ခြင်း ဘယ် project အောက်မှာ ဘာတွေ ရေးသွား၊ တင်ပို့သွား၊ ဆောင်ရွက်သွားတယ်ဆိုတာကို သူတို့ ဆောင်ရွက်တဲ့ရက်စွဲ၊ အချိန်နှင့် ပြန်ကြည့်လို့ရတဲ့ဟာပါ။ ကျွန်တော်ကတော့ ဦးစီးဖြစ်လို့၊ စီမံကိန်းတစ်ခုခြင်းအထဲကို လိုက်မကြည့်ဘဲ၊ လုပ်ငန်းအခြေအနေတွေရဲ့ ပြီးစီးမှု ပူးပေါင်းဆောင်ရွက်မှုတွေကို ဒီကနေအဓိက ကြည့်ပါတယ်။

အဖွဲ့ဝင်တိုင်းဟာ ညနေ ၄ နာရီ ၄၅ မိနစ်နှင့် ၅နာရီ ကြားမှာ၊ ယနေ့ဆောင်ရွက်ပြီးစီးတဲ့ ကိစ္စတွေကို မှတ်စုတိုရေးပြီးသတင်းပို့ရပါတယ်၊ နောက်ပြီး၊ နက်ဖြန် ဆက်လက်ဆောင်ရွက်မည့် ကိစ္စတွေကို လည်းသတင်းပို့ရပါတယ်။ ရည်ရွယ်ချက်က ဒီလိုကြေညာလိုက်တော့ နက်ဖြန်လုပ်မှာတွေအတွက် ပြင်ဆင်ပြီးသားဖြစ်ဖြစ်သလို၊ အခြားသူကလည်း မြင်ထားတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်ပြင်နိုင်အောင်ရယ်၊ ကျွန်တော်က ဝင်ကြည့်ပြီး၊ ရေရှည်ဦးတည်ချက်၊ အရေးပေါ်လိုအပ်ချက်တွေနှင့် လမ်းကြောင်း မကိုက်ရင် ကြိုတင် တည့်မတ်ပေးနိုင်အောင်ပါ။ အဖွဲ့ဝင်တွေ သတင်းပို့တဲ့ နက်ဖြန်ဆောင်ရွက်ရန် စာရင်းကိုကြည့်ပြီး၊ ပြောင်းလဲဖို့လိုရင် အဲဒီ post တွေအောက်မှာ ကျွန်တော်က Comment ဝင်ပေးပါတယ်။ နောက်နေ့ကျရင်၊ သူတို့က အသိအမှတ်ပြုပြီး၊ လိုအပ်သလို ပြောင်းလဲ ဆောင်ရွက်ပါတယ်။

Daily Activity Log

COVID မဖြစ်ခင်ကတည်းကျွန်တော်တို့ ဝိုင်းတော်သားတွေရဲ့ စာတိုပို့တဲ့စနစ်အတွက် Google Chat ကိုသုံးပါတယ်။ GSuites ဝယ်လိုက်ရင် အခမဲ့ရတာမို့၊ သူ့ထက်ကောင်းတဲ့ စနစ်တွေရှိသော်လည်း လိုရင်းလောက်ရရင် အဆင်ပြေတာမို့၊ ဒါကို သုံးတာပါ။ ဒီထဲကနေပြီးတော့ပဲ၊ တစ်ယောက်ခြင်း၊ အဖွဲ့လိုက်၊ စီမံကိန်းအလိုက် ကိစ္စတွေမှာ စာတိုပို့တာ၊ ဖိုင်တွေ မျှဝေတာတွေကို သုံးပါတယ်။ Web Browser မှာရော၊ ကွန်ပျူတာ Software အနေနှင့်ရော၊ Mobile App ပါရပါတယ်။

အဓိကက၊ Google Chat မှမဟုတ်ပါဘူးဘာကို ပဲသုံးသုံး၊ အဖွဲ့ဝင်တွေက စာတိုပို့ပြီး (asynchronous) တပြိုင်နက်တည်းအတူတူလုပ်စရာမလိုဘဲ အလုပ်လုပ်တတ်တဲ့ ဓလေ့ရှိနေဖို့ပါ။ ဒီနေရာမှာ လူတိုင်းက လိုရင်းတိုရှင်း စာတိုရေးတတ်တာမျိုး မဟုတ်ပါ။ စာရေးကလည်းပျင်း၊ လိုရင်ကိုလည်း တိုတိုတုတ်တုတ် မရေးတတ်ရင်၊ ဖုန်းခေါ်ပြီးနှုတ်နှင့် ရှင်းပြတာကို ပဲ အားရတဲ့ လူမျိုးတွေအတွက်တော့ ဒါကသိပ်အလုပ်မဖြစ်ပါ။ သို့သော်လည်း ကျွန်တော်တို့အတွက်တော့ တစ်နေရာတည်းမှာ အတူရှိနေစရာမလိုဘဲ၊ သတ်သတ်မှတ်မှတ် ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုရှိနေတာပါပဲ။ ဒါကလည်း Covid မဖြစ်ခင်ကတည်း နှစ်ပေါက်အောင် သုံးလာခဲ့တော့ WFH လုပ်ရတဲ့အခါ၊ အထူးပြင်ဆင်စရာမလိုဘဲ၊ အသင့်ဖြစ်နေခဲ့တာပေါ့။

Google Chat for Zwenexsys

GSuites မှာပါတဲ့ ဝန်ဆောင်မှုတွေထဲမှာ ပြက္ခဒိန်ပါတော့ ကျွန်တော်တို့ ဝိုင်းတော်သားတွေ ကြားမှာ ဆက်သွယ်ရာမှာ ရုံးထဲကလူတွေ အားလုံးသိသင့်တဲ့ ကိစ္စတွေကို ဘုံသုံး ပြက္ခဒိန်တစ်ခုမှာ ထည့်သွင်းပြီး၊ ဖိတ်ခေါ်ပါတယ်။ ဒီနည်းနှင့် အားလုံးက ကိုယ်မပါရသော်လည်း လုပ်ငန်းဆိုင်ရာ တွေ့ဆုံမှု အချိန်ဇယားတွေကို သိနေပြီးလိုအပ်သလို ပူးပေါင်းမှု ပေးနိုင်တာပါ။ ဒါကို အသုံးပြုပြီးဆောင်ရွက်တဲ့ ဓလေ့ကလည်း ယခင်ကတည်း လုပ်နေနှင့်တာမို့၊ WFH လုပ်တဲ့အခါ အသင့်ဖြစ်နေတာပေါ့။

Zwenexsys Work Calendar

မျက်နှာခြင်းဆိုင်ဆက်သွယ်ရေးအတွက် Google Meet ကိုသုံးပါတယ်။ ဒါကလည်း GSuites မှာ Free ပါတာမို့၊ WFH မလုပ်ခင်၊ ယခင်ကတည်းကအဖွဲ့ဝင်တွေ အဝေးကိုသွားပြီး အလုပ်လုပ်ရတဲ့အခါမှာ တစ်ခါတလေ သုံးခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ နေ့စဉ် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မျက်နှာစုံညီ အစည်းအဝေးလုပ်တဲ့အခါ၊ စီမံကိန်းအဖွဲ့ခချင်းအလိုက် စကားပြောတဲ့အခါ၊ တစ်ဦးခြင်းပူးပေါင်းပြီး အဝေးကနေ တစ်ခန်းထဲမှာ ထိုင်လုပ်သလို တောက်ရှောက်ဖွင့်ထားပြီး ပူးပေါင်းဆောင်ရွက်ရာမှာ သုံးပါတယ်။

Video Call နှင့် မနက်ကို ၁၅ မိနစ်၊ ညနေကို ၁၅ မိနစ်၊ အဲဒီနေ့ခွင့်ယူသူတွေကလွဲရင် တက်ရောက်ရပါတယ်။ အဲဒီအခါမှာ လူတိုင်းက ကိုယ်လုပ်လို့ပြီးသွားတာ၊ နောက်ဆက်လုပ်မှာတွေကို ပြောပြတာ၊ တစ်ယောက်နှင့်တစ်ယောက် အများရှေ့မှာ ပြောရမယ့်ကိစ္စတွေကို ပြောတာ၊ မျက်နှာချင်းဆိုင်မေးစရာရှိတာကိုမေးတာ၊ ဦးစီးလုပ်သူ ညှိနှိုင်းပေးရမယ့်ကိစ္စကို ပြောတာ၊ တစ်ခါခါ ရှောင်နေလို့ ဖမ်းမရတဲ့ လူကို အားလုံးရှေ့မှာ တိုင်တည်ပြီး ပြောရတာမျိုးတွေ လုပ်ဖို့ ဒီအချိန်မှာ လုပ်ကြပါတယ်။ ဒါကတော့ နေ့စဉ် ဆောင်ရွက်ချက်တွေထဲမှာ ဆောင်ရွက်တဲ့ synchronous ဖြစ်တဲ့ တစ်ခုတည်းသော ဆောင်ရွက်မှုပါ။

Daily Meeting on Google Meet

Google Meet က ဘာ Software မှာ တပ်ဆင်ရန်မလိုဘဲ Web-Browser ထဲကနေ Random Meeting Code တွေနှင့်ဝင်ရတာမို့၊ ပုံမှန်ဝင်နေကြ Meeting Code ကို သတ်မှတ်ပြီး၊ မျှဝေထားရပါတယ်။ ကျွန်တော်ကတော့ အောက်ပါပုံမှာလို၊ မနက်ပိုင်း Check-in လုပ်တဲ့ အခန်း၊ ညနေပိုင်း Check-out လုပ်တဲအခန်းနှင့်၊ အစည်းအဝေးခန်းရယ်လို့ သတ်မှတ်ထားတဲ့ URL တွေကို Bookmarkလုပ်ထားလိုက်ပါတယ်။

အစည်းအဝေးခန်းဆိုတာကတော့ လူချင်းတွေ့ချင်တိုင်း၊ URL အသစ်တွေ Meeting Code တွေ ပေးနေမယ့်အစား၊ ရုံးခန်းထဲမှာ အစည်းအဝေးခန်း သတ်သတ်မှတ်မှတ်ထားသလို၊ ပုံမှန်နေရာတစ်ခု သတ်မှတ်ထားလိုက်တာပါပဲ။ အဲဒီတော့ ဆက်သွယ်ရာမှာ၊ “Hall ထဲကို လာခဲ့ဟေ့လို့” ပြောလိုက်ရင် အားလုံးက ဘယ်ကိုလာရမလဲ သိနေတော့ အချိန်ကုန်သက်သာတာပေါ့။

Bookmark လုပ်ထားတဲ့ URL များ

ရုံးလုပ်ငန်းမှာ သုံးတဲ့ဖိုင်တွေကိုတော့ အားလုံးကို ဒီဂျစ်တယ်နည်းနှင့်ပဲ သိမ်းပါတယ်။ ငွေစာရင်း၊ အခွန်ဆောင်တာနှင့် အခြားသော စာရွက်စာတမ်း အနည်းအကျဉ်းကိုပဲ ရုံးမှာ စာရွက်ဖိုင်တွဲတွေ အနေနှင့်ထားပြီး၊ သူတို့ကိုလည်း Scan ဖတ်ပြီး၊ ဒီဂျစ်တယ် ပုံစံနှင့် ထိန်းသိမ်းပါတယ်။ စီမံကိန်းအလိုက်လိုအပ်သလို ရေးသားတဲ့ စာတွေ၊ စာရင်းဇယားတွေကိုတော့ GSuites မှာပါတဲ့ Google Drive မှာပဲ၊ သိမ်းတော့ ရုံးအလုပ်နှင့်ဆိုင်တဲ့ Documents တွေကို မျှဝေရာမှာ၊ ရယူရာမှာ တစ်နေရာထဲ ရှိစရာ မလိုတော့ပါဘူး။

ဒီအလေ့အကျင့်ကို ၂၀၁၂ လုပ်ငန်းစကတည်း လုပ်လာတာမို့၊ ယခုလို WFH လုပ်ရတဲ့အခါ၊ အင်တာနက်ချိတ်ဆက်မှု သာရှိနေလျှင်ဘယ်နေရာ ရောက်ရောက် Cloud ပေါ်မှစာရွက်စာတမ်းတွေကို ယူနိုင်၊ သိမ်းနိုင်ပြီး အသင့်ဖြစ်နေတော့တာပါ။

Zwenexsys on Google Drive

Email ကတော့ မရှိမဖြစ်ပါ။ ရုံးကလူတိုင်းမှာ Email Account ရှိပါတယ်။ စာတိုပို့တဲ့ စနစ်နှင့် အချင်းချင်းဆက်သွယ်နိုင်ပေမယ့်၊ ပြင်ပက ဆက်သွယ်လာတဲ့ ဖောက်သည်တွေရဲ့ ဝင်စာတွေနှင့် ပြန်စာတွေအတွက်ကတော့ Email ကို ပဲ သုံးပါတယ်။ ဒါကလည်း ၂၀၁၂ ကုမ္ပဏီစကတည်းက သုံးလာတာမို့၊ WFH လုပ်တဲ့အခါ၊ အထူးတလည် ဆောင်ရွက်ရန်မလိုဘဲ အသင့်ဖြစ်နေခဲ့တာပါ။

Zwenexsys Email

ဝိုင်းတော်သားတွေသည် ဆက်သွယ်ရေးနည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဒီဂျစ်တယ်နည်းလမ်းတွေကို သုံးပြီး ဆောင်ရွက်နေကြတာအလုပ်ဖြစ်ပေမယ့်၊ ရုံးစီမံ ဘက်က အနေနှင့် အလုပ်ပြီးမြောက်မှု ရှိမရှိနှင့်၊ ဘယ်စီမံကိန်း၊ ဘယ်ကိစ္စအတွက် အချိန်ဘယ်လောက် ပေးကြပြီး၊ ဘာတွေပြီးသွားသလဲကို သိဖို့၊ Basecamp3 က Todo list မှာ ပြီးသွားပေမယ့် အလုပ်အမှန်တကယ် ပြီးမပြီးဆိုတာကို တိုင်းတာရာမှာလည်း ဒီဂျစ်တယ် နည်းကိုပဲ သုံးပါတယ်။

ကျွန်တော်တို့ လုပ်ငန်းရဲ့ အဓိက အပိုင်းက Software တည်ဆောက်ရေး ဖြစ်လို့ စီမံကိန်းအလိုက် Source Code တွေကို ထိန်းသိမ်းတဲ့ စနစ်ရှိပါတယ်။ ဒီစနစ်ထဲမှာ ဘယ်သူကဘယ်နေ့မှာ ဘယ် Code ကို ရေးပြီးတင်ပို့သလဲဆိုတဲ့ မှတ်တမ်းကနေတစ်ဆင့်၊ တစ်ဦးခြင်း ရဲ့ အလုပ်ပြီးမြောက်မှုကို သက်သေ၊ မှတ်တမ်းရပါတယ်။

GIT Commit Progress

ဒါအပြင်၊ တစ်ဦးချင်းစီက သတ်မှတ်ပေးထားတဲ့ Google Sheet ထဲမှာ၊ တစ်နေ့တာအတွင်း လုပ်ကိုင်ခဲ့ရတဲ့ စီမံကိန်း၊ ဆောင်ရွက်ချက်နှင့် ကြာမြင့်ချိန်တွေကို မှတ်တမ်းဖြည့်သွင်းပြီး၊ နေ့စဉ် သတင်းပို့ရပါတယ်။ တစ်ခါခါ၊ စီစဉ်ထားတာမဟုတ်ဘဲ ကြားဖြတ်အရေးပေါ်အလုပ်တွေ ဝင်လာတာကြောင့် အချိန်ကုန်သွားတာမျိုးတွေ၊ သိပ်ကြာတဲ့ ကိစ္စမျိုးတွေကို မြင်ရသလို၊ စီမံကိန်းတစ်ခုခြင်းစီအပေါ် အဖွဲ့ဝင်အားလုံးပေးလိုက်ရတဲ့အချိန်၊ တစ်ဦးခြင်း အားစိုက်ထုတ်ပြီး ကုန်သွားတဲ့အချိန်မှတ်တမ်းတွေက ဒီကရပါတယ်။

ကျွန်တော့်အတွက်လည်း ဘယ်သူက ဘယ်နေ့က ဘာလုပ်နေတယ်၊ အထက်ကပြတဲ့ အလုပ်ပြီးမြောက်တဲ့ Code ရလာဒ်နှင့် ကိုက်ညီမညီ ပြန်စစ်လို့ရပါတယ်။ ဒီနည်းနှင့် အလုပ်ပြီးမြောက်မှု သက်သေရော၊ မှတ်တမ်းရောကို ရုံးမှာ ရှိနေစရာ မလိုဘဲလုပ်နိုင်တာဟာ ယခင်ရုံးထဲမှာ လုပ်ကြကတည်းက ဒီဂျစ်တယ်နည်းကို သုံးခဲ့တာမို့ WFH လုပ်တဲ့အခါ အသင့်ဖြစ်နေတာပါ။

Daily Job Done Report — Individual

ဒီ Daily Job Done Google Sheet မှာပဲ တစ်ဦးချင်းရဲ့ လစဉ်နှင့် တစ်သက်တာ အလုပ်လုပ်တဲ့အချိန်ပေါင်း၊ စီမံကိန်းအလိုက် ပါဝင်မှု အချိန်ပေါင်းကို ရုံးစီမံက တွက်ချက်ယူပါတယ်။

Daily Job Done Report — Pivot for Personal Summaries

နောက်ဆုံးပြောပြချင်တာကတော့ ခွင့်တိုင်တာကိုလည်း ရိုးရိုးရှင်းရှင်း Google Form တစ်ခု သတ်မှတ်ပြီး၊ အဲဒီဖောင်ကို ဖြည့်ပြီး၊ ခွင့်တိုင်ရပါတယ်။ အိုးသည် အိုးကောင်းမသုံးရ ဆိုသလို၊ Software ရေးတဲ့ ကုမ္ပဏီက HR Software တစ်ခုတောင်မရှိပါ။ ယေဘုယျသုံးပြီး အလုပ်ဖြစ်တဲ့ နည်းတွေနှင့်ပဲ လုပ်နေတယ်လို့ ဆိုနိုင်ပါတယ်။

Google Form မှာ ဖြည့်လိုက်တဲ့ ခွင့်တွေကို ရုံးစီမံက Pivot Table နှင့်ပဲ တွက်ချက်ရယူပြီးမှတ်တမ်းထိန်းသိမ်းပါတယ်။ ခွင့်တိုင်တာရော၊ ခွင့်မှတ်တမ်းတွေရော၊ စီမံတာရောက Cloud မှာရှိတဲ့ Software ကို သုံးတာမို့၊ ရုံးလာသည်ဖြစ်စေ၊ WFH ဖြစ်စေ ဒီဂျစ်တယ်နည်းနှင့်ပဲ ဆောင်ရွက်တာက အသင့်ဖြစ်နေခဲ့တာပါပဲ။

Leave Records — Pivot Table

ကျွန်တော်တို့အဖွဲ့အနေနှင့် ကံကောင်းပါတယ်။ ကနဦးကတည်း ဒီဂျစ်တယ်နည်းကိုပဲ ဦးတည်သုံးစွဲတဲ့ စနစ်နှင့် ပုံစံချထားတာရယ်၊ လုပ်ငန်းသဘာဝကလည်း ဒီဂျစ်တယ်နည်းနှင့် သုံးဖို့ အသင့်ဖြစ်တာရယ်၊ အဖွဲ့ဝင်တွေ အကုန်လုံးကလည်း ဒီနည်းလမ်းတွေနှင့် ကျွမ်းဝင်နေတာရယ်ကြောင့်၊ COVID ဖြစ်တဲ့အခါ၊ အားလုံး အိမ်မှာနေပြီးအလုပ်လုပ်ကြတဲ့အခါ၊ ကွန်ယက်ချိတ်ပေးလိုက်ပြီး၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်း နည်းနည်း ပြောင်းလဲပေးလိုက်ရုံနှင့် အလုပ်တွင်မှုနှုန်းမကျသွားဘဲ ဆက်လုပ်နေနိုင်ခဲ့တာပါပဲ။

ဒီဂျစ်တယ်နည်းကို သုံးနိုင်ဖို့ လိုအပ်တဲ့ ရင်းမြစ်တွေကို ရင်းနှီးမြှုပ်နှံပြီး အချိန်ယူ လေ့ကျင့်ထားလို့ပါ။

ကြီးသည်၊ ငယ်သည် မဟူ လုပ်ငန်းသဘာဝ မတူတာတွေ၊ ဒီဂျစ်တယ်နည်းပညာတွေကိုသုံးဖို့ ပုံစံမချခဲ့ရတာတွေ၊ ဝန်ထမ်းတွေကလည်း ဒီဂျစ်တယ်နည်းနှင့် အကျွမ်းတဝင်မရှိကြတာတွေ၊ မပြောင်းလဲနိုင်သေးတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ခက်ခဲတဲ့ အခြားအဖွဲ့အစည်းတွေ ရှိမှာပါ။ ကိုယ်ချင်းစာပါတယ်။

လုပ်ငန်းတွေအနေနှင့် ရေရှည်မှာ၊ ဒီဂျစ်တယ်နည်းလမ်းတွေကို သုံးကိုသုံးရတော့မှာမို့၊ ပြောင်းလဲဖို့ကို လုပ်နေရတော့မှာပါ။ အထူးသဖြင့် အသေးစားအလတ်စားလုပ်ငန်းတွေ SME တွေဘယ်လို ပြောင်းလဲကြမလဲကို ကျွန်တော်ကတော့ အရမ်းစိတ်ဝင်စားပါတယ်။ ကူညီပြီးတော့လည်း စဉ်းစားပေးချင်ပါတယ်။ အကြံဉာဏ်လည်း ပေးချင်ပါတယ်။

ဒီဂျစ်တယ်နည်းတွေ ပြောပြမယ်ဆိုပြီး ကျွန်တော်ဈေးရောင်းမှာမဟုတ်ပါဘူး၊ ဈေးဝယ်နည်းပဲ ပြောပြပါမယ်။ ဝယ်ချင်တဲ့လူဆီကဝယ်ကြပါ။ အခြားအိုင်တီလုပ်ငန်းတွေလည်း ဈေးရောင်းကောင်းဖို့ လိုသေးတယ်လေ။ သူတို့လည်း အသေးစားအလတ်စားတွေပါပဲ။

ကန်တော့ပွဲပြင်၊ နတ်တင်ပြီး ဆုတောင်းနေမယ့်အစား၊ ကျွန်တော့်ကို ကော်ဖီတစ်ခွက်တိုက်ပြီး ပွင့်ပွင့်လင်းလင်းမေးမြန်းတိုင်ပင်တာကမှ အကြံကောင်းတစ်ချက် ရဖို့သေချာသလောက်ပါပဲ။ ဟဲဟဲ။

--

--

Thar Htet
Thar Htet

Written by Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.

No responses yet