အခုလပိုင်းတွေမှာ ChatGPT ကို အကြောင်းပြုပြီး၊ ပေါ်လာတဲ့ ခေတ်ရေစီးကြောင်းမှာ အဲ့ဒီအကြောင်းမှ မပြောရင် ခေတ်မမီသလို ဖြစ်နေတယ်။ ပေါ်ပင် လိုက်တာမျိုး မရေးချင်ပေမယ့်၊ ဒီအကြောင်းကို ပြောကြတဲ့ လူတိုင်းက AI ရှိလာရင် အလုပ်တွေ ပြုတ်ကြတော့မယ်၊ AI က ဘာတွေကို အစားထိုးတော့မယ် စသဖြင့် အသားပေးရေးကြတာတွေက Robot တွေခေတ်ထ တုန်းကလည်း ဒီစကားတွေပြောကြတာပဲ၊ မှတ်မှတ်ရရ Industry 4.0 ခေတ်ထ တုန်းကလည်း ဒီစကားတွေပြောကြတာပဲ။
အခုဆောင်းပါးမှာ အဲ့ဒီအကြောင်းရေးကြတဲ့ စာတွေသည် သာမန် သုံးစွဲသူတွေ အတွက် သို့လောလော တွေ ဖြစ်စေတယ်လို့ ထင်လို့ တတ်နိုင်သလောက် ရှင်းရှင်းလင်းလင်း ပြောပြချင်လို့ ရေးပါတယ်။ အကြောင်း အရာ (၃) ခု တင်ပြပါမယ်။
(၁) ကိရိယာ၊ မောင်းနှင်သူနှင့် ကျွမ်းကျင်မှု။
(၂) GPT ရဲ့သဘာဝ။
(၃) AI ပေါ်လာပြီဆိုတော့ ငါတို့ ဘာလုပ်ကြမလဲ?
ကိရိယာ၊ မောင်းနှင်သူနှင့် ကျွမ်းကျင်မှု။
ကျွန်တော်တို့ အိမ်ဆောက်ဖို့ လက်သမား ငှားတယ်ဆိုပါစို့။ လက်သမား အလုပ်မှာ သုံးတဲ့ ကိရိယာတွေ ရှိတယ်၊ တူတို့ ၊ ရွေဘော်တို့ လက်လှည့်လွန် တို့ စသဖြင့်ပေါ့။ ဒီကိရိယာတွေကို သုံးပြီး လက်သမားတွေက အလုပ်လုပ်ကြတယ်။ ယခုနောက်ပိုင်းမှာ သံရိုက်စက် (Nail gun) တို့၊ ရွေဘော်စက် (Electric Planer) တို့၊ လွန်သွားစက် (Electric Drill) တို့ ပေါ်လာကြတယ်။ နောက်ပိုင်းမှာ ကြိုတင်ဖြတ်တောက်ထုတ်လုပ် (Prefabricatred) ထားတဲ့ အပိုင်းတွေကို ပါသုံးလာကြတယ်။
ဒါတွေ ပေါ်လာတော့ တချို့သော သာမာန် လက်သမား အလုပ်လောက်ကိုတော့ ကိုယ့်ဖာသာ (DIY) လုပ်လို့ ရလာတယ်။ ဒါပေမယ့် အိမ်ဆောက်တဲ့အခါမှာတော့ ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိတဲ့ လက်သမားကို ပဲလုပ်ခိုင်းရသေးတာပဲ။ အသစ်အသစ်သော နည်းပညာတွေ၊ စက်တွေ ပေါ်လာတော့ လက်သမား အလုပ်တွင်ကျယ်လာ၊ မြန်ဆန်လာတာပဲ ရှိတယ်။ နည်းပညာက လွယ်ကူတော့ လက်သမား မဟုတ်သူတွေတောင် ဒီနည်းပညာကို သုံးပြီး ကိုယ်တိုင်လုပ်နိုင်ကြသော်လည်း၊ အဲ့ဒီကိရိယာတွေဘယ်လို ရှိရှိ အဓိကဖြစ်တဲ့ လက်သမား အတတ် ကျွမ်းကျင်မှု အတွေ့အကြုံရှိ တာကို တန်ဖိုးထားရလို့ ကျွမ်းကျင်သူကို ခေါ်သုံးကြရတာပဲ။
အဲ့ဒီတော့ နည်းပညာအသစ်တွေ ပေါ်လာလို့ လက်သမား အလုပ်ပျောက်သွားမှာ မဟုတ်ဘဲ၊ ပိုလို့သာ အလုပ်တွင်လာမယ်။ သို့သော် အလုပ်ခန့်ရာမှာတော့ အတတ်ပညာ တတ်သူချင်းသူသူ အလုပ်တွင်စေတဲ့ နည်းပညာကို အသုံးပြုတတ်သူတွေကို ဦးစားပေးခန့် ကြမှာပဲ။ နည်းပညာအသစ်ကို မသုံးတတ်လို့ အချိန်ကြာမယ့်သူတွေက နောက်ကို အလိုလိုရောက်သွားကြမှာပဲ။
ဒါကြောင့် ကိရိယာ အသစ်၊ မောင်းနှင်သူနဲ့ ကျွမ်းကျင်မှု တွေကို ကွဲကွဲပြားပြားမြင်ရင် နည်းပညာ ကိရိယာ အသစ်ပေါ်လာတာကြောင့်၊ ပြောင်းလဲကျင့်သုံးမှု မပြုနိုင်သူတွေနောက်ကောက်ကျကျန်ခဲ့မယ်ဆိုတာ သိနိုင်ပါတယ်။
GPT ဆိုတာ
Generative Pre-trained transformer လို့ခေါ်ပါတယ်။ ChatGPT နောက်က စက်ဦးဏှောက်ပေါ့။ ဒီနေရာမှာ Machine Learning နည်းပညာ တွေ၊ ဘယ်လို ဖန်တီးတည်ဆောက်ထားတယ်ဆိုတာကို မပြောတော့ပါ၊ ဉာဏ်လည်းမမီသေးပါ။ သူ့ရဲ့ သဘာဝကိုပဲ ကြည့်ကြပါစို့။ GPT ကို ကွန်ပျူတာနည်းပညာ စက်ဦးဏှောက်လို့ ပဲ သဘောထားကြစို့။
ကျွန်တော်တို့ ခင်ဗျားတို့ မိတ်ဆွေတွေထဲမှာ အတွေ့အကြုံ အသိပညာ ကြွယ်ဝပြီး စကားပြောကောင်းတဲ့ ပါလေရောအကုန်သိဖောရှော လုပ်တတ်တဲ့ မိတ်ဆွေမျိုး တွေ ကြုံဖူးမှာပေါ့။ ကိုယ်က ဘာအကြောင်းပြောပြော သူသိသူတတ် ဝင်ဝင် ထောက်ပြီး စကားကို ဖြည့်ပြောတတ်သူမျိုးတွေလေ။
ဥပမာ စကားဝိုင်းထဲမှာ အဲသလို လူပါတယ်ဆိုပါစို့၊ ကျွန်တော်တို့ ချောင်းသာကို ခရီးသွားတဲ့အကြောင်း ပြောတယ်ဆိုပါစို့။
ကျွန်တော်က “လွန်ခဲ့တဲ့ သင်္ကြန်ပိတ်ရက်က ချောင်းသာသွားတာဗျာ၊ လှိုင်သာယာ အထွက်မှာ ကားတွေ ပိတ်တာဗျာ..” ဆိုတာနဲ့တင်
သူက “ဟုတ်တယ်လေ၊ ကားပိတ်ချက်က လှိုင်သာယာမှာရော၊ ပန်တိုင်မှာရော၊ ဆားမလောက်မှာရော ပိတ်တာပဲ။ ခရီးသွားရက်ဆိုတော့ ဒီလိုပဲပေါ့။ ခရီးထွက်တဲ့ သူတွေများတော့…”
ဆိုပြီး လျှာဝင်ရှည်တော့တာပဲ။ အဲ့ဒီမှာ ကျွန်တော်က ဖြတ်ပြီး…
ကျွန်တော်က “ဒါနဲ့ပဲ ရှမ်းရွှေဥမှာဝင်ပြီး အအေးသောက်တယ်၊ ဆားမလောက်မှာ ငှက်ပျော ကြော်တွေဝယ်စားသေးတယ််၊ နောက်ပြီး..” ဆိုရင်ပဲ
သူက “ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ ကောက်ညှင်းထုပ်ဝယ်လို့ရသေးတယ်၊ ပန်းတနော်အဝင်က တောင်ထိပ်ကြာပန်း ဆိုင်မှာ ထမင်းကြော် ဝင်ဆွဲကြတယ်လေ၊ ပုသိမ်အဝင်မှာ မြင်းပျံ ဟာလဝါ ဆိုင်မှာ ….” ဆိုပြီး ဝင်ဖောတော့တာပဲ။ ဒါနဲ့ သောက်မြင်ကတ်လို့
ကျွန်တော်က “မြင်းပျံဆိုင်မှာ သေးဝင်ပေါက်တာဗျ၊ အဲ့ဒါနဲ့..” ဆိုရင်ပဲ
သူက “အိမ်သာ ဝင်ဖို့ ဆိုရင် ဒန်ကိုမှာလည်း၊ အဲသလို ဆီဆိုင်တွေကတော့ လမ်းမှာ တောက်လျှောက်ပဲ၊ အများသုံးအိမ်သာ ဆိုတာက..” ဆိုပြီး၊
ပြောသမျှနောက် လိုက်ပြောတော့တာပဲ။ ဒါက အလိုက်မသိတဲ့ လူပေါ့ဗျာ။ အဲ.. GPT စက်ဦးနှောက်ဆိုရင်တော့ အလိုက်သိတတ်တဲ့ မိတ်ဆွေဖြစ်အောင် စကားနဲ့ ကြိုပိတ်ထား၊ ဇာတ်တိုက်ထားလို့ရတယ်။ ဥပမာဗျာ
ကျွန်တော်က “သင်္ကြန်အားလပ်ရက် ခရီးသွားတဲ့ အကြောင်းပြောမယ်။ လမ်းမှာ အစားအသောက်စားတာတယ်၊ မုန့်ဝင်ဝယ်တာရယ်၊ ဆီဝင်ဖြည့်တာရယ် အိမ်သာတက်တာရယ်၊ ကားဘီးပေါက်လို့ ဝင်ဖာတာရယ် ထည့်ပြောမယ်။ ကဲ့ ပုသိမ်ဘက်ကို သွားတယ် ဆိုပါစို့…” လို့ စကားစ ပြောလိုက်ရင်ပဲ
သူက “သင်္ကြန်ပိတ်ရက်တုန်းက ပုသိမ် ချောင်းသာကို ခရီးသွားကြတယ်လေ၊ ရှမ်းရွှေဥမှာ အအေးဝင်သောက်ပြီး၊ ပန်းတနော်မှာ မနက်စာစားကြတယ်၊ ပုသိမ်မရောက်ခင် လမ်းမှာ ကားဘီးပေါက်လို့…” ဆိုပြီး အသေအချာဖောတော့တာပဲ၊ ဒါနဲ့ ကျွန်တော်က ပိတ်ပြီး
ကျွန်တော်က “ ချောင်းသာမဟုတ်ဘူးဗျ၊ တစ်ခြား ကမ်းချေကို သွားတာ..” လို့ဆိုရင်ပဲ
သူက “သြော်သြော် မှားလို့၊ သင်္ကြန်ပိတ်ရက်တုန်းက ပုသိမ် ငွေဆောင်ကမ်းခြေကို ခရီးသွားကြတယ်လေ၊..”ဆိုပြီး ပြန်ပြင်ပြီး ဖောတော့တာပဲ။
သူက သူ့ဖာသာသူဆိုရင် စကားမပြောဘူး၊ သူများက အကြောင်းအရာတစ်ခု စပေးလိုက်ပြီဆိုရင် အဲ့ဒီအကြောင်းအရာထဲက စကားလုံးတွေကို ခန့်မှန်းပြီး သိတာတွေ နှင့် ဆက်စပ်ပြီး စကားတွေ ဖြည့်ပြောတာပဲ။ ကြိုပိတ်ထားရင် ပိတ်ထားတွေကို တော့ မှတ်ထားပြီး အလိုက်တသိနှင့် ပြောတတ်တယ်။
သူက သူကိုယ်တိုင်သွားဖူးတာမဟုတ်ရင် တောင် သူဖတ်ဖူးတဲ့ စာအုပ်တွေ၊ သတင်းဆောင်းပါးတွေ၊ အင်တာနက် စာမျက်နှာတွေ၊ ဘလော့တွေ၊ သူများ ပြောတာကြားဖူးတာတွေ အကုန်ရောပြီး၊ ပြောသမျှ လျှောက်ဖောတာ။ မှားလားဆိုတော့ မှားတာလည်း ရှိတာပေါ့၊ ဒါပေမယ့် သူသိထားတာတွေကို ကိုယ်သိတာထက်များ နေတော့ တကယ်အမှန်တွေရော၊ တော်တော်လေး နီးစပ်တာတွေ ရော ကို ရောချပြီး ပြောနေတာ ဆိုတော့ ကြားရတဲ့ လူတွေက ယုံကြတာပေါ့။ သို့သော် ဖောရှောဆရာ ကြီးဆိုတော့် ချင့်ယုံရတာပေါ့။ သူက ခရီးသွားကိစ္စတင်လာဆိုတော့ မဟုတ်ဘူး။
ကျွန်တော်က “ဘဏ်က ငွေ ၁၀ သိန်းချေးထားတာဗျာ၊ အတိုး ၄ ရာခိုင်နှုန်းနဲ့၊ တစ်နှစ်အတွင်း အကျေဆပ်ချင်ရင် တစ်လ ဘယ်လောက် ပေးရင်ကောင်းမလဲ” လို့ မေးတယ်ဆိုပါစို့..
သူက “ဒါကို တွက်တဲ့ ဖော်မြူလာက လစဉ်ပေးရန်ငွေ = ချေးငွေပမာဏ × (…)” ဆိုပြီး ရှင်းပြတော့တာပဲ။ ဒါကို တားလိုက်ပြီး
ကျွန်တော်က “နေဦး၊ ရပ်ဦး၊ လစဉ်ပေးရန်ငွေကို ပဲပြော ရှင်းမပြနဲ့” ဆိုရင်
သူက “တစ်လကို ၈၅,၀၂၇ ပြန်ဆပ်ရမယ်။ ဒါက အကျမ်းဖျဉ်းပေါ့။ ဘဏ်က တိုးရင်းပေါင်း ဘယ်လိုတွက်သလဲ အသေအချာပြန်မေးဦး” ဆိုပြီး ဖြေရော။
ဒီနေရာမှာကျတော့ ငနဲက ဖောရှောမဟုတ်တော့ဘူး။ သူသိထားတဲ့ ဖော်မြူလာနဲ့ ကျရင် အတိအကျတွေ ပြောတာ။ လနဲ့ ကမ္ဘာနဲ့ ဘယ်လောက်ဝေးသလဲ တို့၊ ပထမကမ္ဘာစစ် ဖြစ်တဲ့ နှစ်တို့၊ နာမည်ကျော်တွေရဲ့ မွေးနေ့တို့ စသဖြင့် မေးရင် သူသိတာတွေ က များတော့ တော်တော်များများမှန်သပေါ့။
ပိုဆိုးတာက သူက သိထားတာလည်းများ ဖောရှောလုပ်တာသိပ်တော်တော့၊ သာမာန်လူ တစ်ဦးနှင့် ယှဉ်လိုက်ရင် ဉာဏ်ပညာ သိပ်ကောင်းတယ်၊ သိပ်တော်တယ်လို့ ထင်ပြီး၊ အရမ်းကို အထင်တွေ စွတ်ကြီးပြီး၊ သူက စက်ဦးဏှောက်ဆိုတာကို မေ့မသွားဖို့ လိုတယ်။ အဓိက ပြဿနာက သူဘာတွေ မသိဘူးလဲကို သူမသိဘူး။ သူသိတာတွေကိုတော့ သူသိတယ်။ ဒီတော့
ကျွန်တော်က “မင်းဘာတွေ မသိဘူးလဲ ဆိုတာ မင်းသိလား” လို့ မေးတော့
သူက “ငါက စက်ဦးဏှောက်ဆိုတော့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ကိုယ်ပိုင်အတွေးအမြင်တွေ မရှိဘူး။ လူတွေသိသလိုတော့ မသိနိုင်ဘူး။ ဒါပေမယ့် ငါ့အသိပညာ အကန့်အသတ်အတွင်းမှာ အချက်အလက်တွေကို ငါပေးနိုင်တယ်။ ငါမမှားဘူးလို့ မဆိုနိုင်ဘူး။ ငါဖြေတဲ့အဖြေတွေမှာ တစ်ခါတစ်ရံ အမှားအယွင်းတွေ၊ မပြည့်စုံတာတွေ၊ မေးခွန်းကို မဖြေနိုင်တာတွေ ရှိတယ်။ လေ့ကျင့်သင်ပေးထားတဲ့ ဒေတာ ကို ဦးစားပေးတာကြောင့် အဲ့ဒီနောက်ပိုင်းကအဖြစ်အပျက်တွေ၊ မထင်မရှားအကြောင်းအရာတွေက အသေးစိတ်အချက်အလက်တွေကို ငါမသိဘူး။ အဲ့ဒီတော့ ငါ့ကို မေးရင်း ငါ့အဖြေတွေမှာ အဲသလို အကန့်အသတ်တွေ ရှိတယ်ဆိုတာကို မင်းသတိထားဖို့ လိုတယ်။”
အတိုချုပ်ရရင်တော့ဗျာ “ငါလည်း အကုန်ဘယ်သိမလဲ၊ သိသလောက်ဖြေရတာ မှားတာတွေလည်း ရှိတာပေါ့။ အဲ့ဒီတော့ ချင့်ယုံပေါ့ကွ” လို့ ပြောတာပဲ။
အဲ့ဒီတော့ ကိုယ်သိတာတက် အများကြီး သိထားတဲ့ စာဂျပိုး၊ အဟောကောင်း၊ အပြောကောင်း၊ စာပေဟင်းလေးအိုးကြီး မိတ်ဆွေတစ်ယောက် ရထားသလိုပဲ သူ့အကြောင်းသိထားရင်၊ ကိုယ်သိချင်တာတွေ ရှောက်မေးပြီး ခိုင်းလို့ရတယ်။ အဲ… တစ်ခုတော့ရှိတယ်၊ သူ့အကြောင်းသိထားရင် သူ့ကို ဘယ်လိုမျိုး ကြိုတင်ပိတ်ထား၊ ကန့်သတ်ထား၊ ကြိုပြောဇာတ်တိုက်ထားပြီးမှ မေးခွန်းမေးရင် ကိုယ်လိုချင်တဲ့အဖြေကို အတိအကျ ဆုံးနီးပါး ရတာပဲ။
အဲ့ဒီတော့ သူ့ကို အနားခေါ်ထားရင်တောင် မေးခွန်း မေးတတ်တဲ့ သူက သာသွားတာပါပဲ။ ဘာနဲ့ တူလည်း ဆိုတော့ စက်လွန်သွား (Electric Drill) ရှိတာတောင် မသုံးတတ်သူ အတွက်က အသုံးမတည့်သလိုပဲပေါ့။
AI ပေါ်လာပြီဆိုတော့ ငါတို့ ဘာလုပ်ကြမလဲ?
အဝတ်လျှော်စက် ရှိလာပြီဆိုရင်၊ အဝတ်ကို လက်နဲ့ လျှော်ဦးမလား၊ အဝတ်လျှော်စက်ကို သုံးတတ်အောင် လုပ်မလား? ဘာက ပိုသက်သာလဲ?
သေချာတာတော့ လက်နဲ့ အဝတ်လျှော်တဲ့ အလုပ်ကတော့ နောက်ဆို ရှိတော့မှာမဟုတ်ဘူး။ အဲ့ဒီတော့ အဝတ်လျှော် စက်သုံးတတ်အောင် လုပ်။ လက်နဲ့ အဝတ်လျှော်တဲ့ အလုပ်က ပျောက်တော့မှာ၊ အဲ့ဒါနဲ့ အသက်မွေးနေတာဆိုရင် ပြောင်းတော့ပေါ့။
ဘာလုပ်ရမလဲဆိုတော့ စက်ရဲ့ စွမ်းပကားက တန်ခိုးကြီးလာတော့
(၁) စက်က အလိုအလျောက် လုပ်ပေးနိုင်တဲ့ အလုပ်တွေကို မေ့လိုက်တော့။
(၂) စက်ကို အသုံးပြုပြီး ကိုယ့်ရဲ့ အသိပညာနှင့် အတတ်ပညာကို ဘယ်လိုမြှင့်တင်မလဲ ဆိုတဲ့ နည်းလမ်းကို စဉ်းစား၊ရှာဖွေ၊ လုပ်ကိုင်ပေတော့။
အနာဂတ်မှာကတော့ လူ့အသိဖန်တီးနိုင်စွမ်းနှင့် အကောင်းဆုံးဆိုတဲ့ အသိပညာ ဗဟုသုတွေကို လိုအပ်ရင် လိုအပ်သလို သိတတ်၊ရှာဖွေတတ် အသုံးချတတ်ပြီး၊ AI ကိရိယာကို ကောင်းကောင်း အသုံးချ၊ လုပ်ကိုင် တတ်သူတွေသည် အခြားသူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေမှာပဲ။
ကိုယ့်ရဲ့ ပင်ကိုယ်အသက်မွေးမှု၊ ကျွမ်းကျင်မှု အလုပ်မှာ ဘယ်လိုအသုံးချရမလဲ၊ မြှင့်တင်ရမလဲကို စဉ်းစား လုပ်ကိုင်ကြရမှာပဲပေါ့။