ကိုယ့်ကိုယ်ကို (၃၉) ဗိုက်ပူ လို့ ခေါ်ရင် မမှားပေ။ ၃၉ နှစ်လည်း ဖြစ်၊ ဗိုက်လည်း ပူနေတာကိုး။ ၃၉ ဗိုက်ပူလို့ ပြောရင် စီးဖူးတဲ့ သူတွေကတော့ ရန်ကုန်မှာ ဘုန်းကြီးလမ်းမှာ ဂိတ်ထိုးပြီး ဗိုလ်ချုပ်လမ်း တောက်လျောက် သိမ်ဖြူအထိ သွားတဲ့ ချက်ဗလက် (Chevrolet) ဂေါင်းတို စစ်ကျန် ဘတ်စ်ကားကို မျက်လုံးထဲ တန်းမြင်ယောင်မိမှာပဲ။ အဲ့ဒီကားကို စီးပြီး ရန်ကုန်မြို့ထဲ သွားလာတဲ့ အရွယ်တုန်းက အသက်က ၁၆-၁၇ ပေါ့။
အင်းစိန် ပေါက်တောဝ ကနေ (၄၈) ဟိုင်းလတ် ကားကို မြို့ထဲအထိ အရောက် (၂၀)ကျပ်နဲ့ တွယ်စီး (နောက်ပိုင်းတော့ မီနီဘတ်စ် ပေါ့) လမ်းမတော်မှာ ကျူရှင်တက်။ မန်းမြို့တော် ပေါက်စီစား၊ သံဈေးနားက စဉ့်အိုးကြီး နဲ့ ထည့်ရောင်းတဲ့ ကျောက်ကျောဖျော်ရည်၊ ဆေးကုလားမ ဖျော်ရည်ကို တစ်ခွက် (၅) ကျပ်နဲ့ သောက်၊ ပြီးရင် တစ်ခါခါလည်း (၃၀) ဗိုက်ပူ ကားစီးပြီး ဗိုလ်တထောင်ကို သွား၊ တစ်ခါခါလည်း လမ်းလျှောက် ပြီး BC Library ကို သွားပြီး စာအုပ်ငှား၊ အိမ်ပြန်ချင်ရင်လည်း (၄၈) ကားကို ဂိတ်ဆုံးအထိ ပတ်စီး ပြီး အိမ်ပြန်။ အဲ့ဒီနှစ်ပိုင်းတွေမှာ J’Donut ပေါ်နေပြီ၊ တစ်ခါခါ တော့ သူငယ်ချင်းတွေနဲ့ လမ်းမတော်လမ်းပေါ်က J’Donut မှာ Milk Shake လေးဘာလေး သွားသောက်ကြတယ်။
အဲ့ဒီတုန်းက ရယ်စရာလေး တစ်ခု သတိတရ ပြောပြမယ်။ အခုလို မိုးဝင်စလေး မိုးက ဖွဲဖွဲရွာနေ။ BC ကပြန်တော့ (၄၈) ဟိုင်းလတ်မှာ ဘေးတန်း အပြင်ဘက် အစွန်ဆုံးမှာ နေရာရတယ်၊ လက်ထဲမှာလည်း အင်္ဂလိပ်စာအုပ် ၂ အုပ်ကိုင်လို့ပေါ့။ ကားကလည်း ဘေးကမိုးကာ ချထားတယ်။ မိုးဖွဲဖွဲကို အစိုခံပြီး တွယ်စီးတဲ့ လူတွေလည်း ပါတယ်။ မှတ်တိုင်က နေ ကားက စ’ထွက်တော့ ကိုယ့်ဘေးက လူကြီးက အီးပေါက်လိုက်တာ အကျယ်ကြီးပဲ။ ၊ သူကတော့ ခပ်တည်တည်ပဲ။ စီးလူတိုင်းလည်း ကြားလောက်အောင် ကျယ်တယ်၊ ကြားလိုက်မယ်ထင်တာပဲ။ ဒါပေမယ့် အားလုံးကလည်း ပထမတော့ ခပ်တည်တည်ပဲ။ ဒါပေမယ့် လူအုပ်ကြီးနဲ့ ကား က လုံ နေတော့ နှာခေါင်းကိုင်သူနဲ့၊ ခေါင်းရမ်းသူနဲ့ အနံ့က အစွမ်းပြလာပြီလေ။
ကိုယ်ကရယ်ချင်တာ ဗိုက်ထဲမှာ လှိမ့်တက်လာပြီး၊ ရယ်ရမှာလည်း ဘေးကလူကို အားနာတာနဲ့ ငှားလာတဲ့ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်ပြီး တစ်မျက်နှာ နှစ်မျက်နှာ လှန်ပြီး စာက ရယ်ရတယ်ဆိုတဲ့ ပုံစံနဲ့ တစ်ဝကြီး ရယ်ပစ်လိုက်တယ်။ ကားထဲက လူတစ်ချို့ကလည်း ကျွန်တော့်ကိုလှမ်းကြည့်ပြီး ရယ်ကြတယ်။ ပထမတော့ လူတွေ ဘာလို့ များ လိုက်ရယ်ကြပါလိမ့်ပေါ့၊ နောက်မှ သတိထားမိတာက ကိုဖတ်နေတဲ့ စာအုပ်က ဇောက်ထိုးကြီး။ ရှက်လိုက်တာဗျာ အင်းစိန်ရောက်တဲ့အထိပဲ။ ဆင်းပြေးရအောင်ကလည်း နောက်ကားထပ်စီးဖို့ ပိုက်ဆံမကျန်တော့ဘူး။ သူတို့လည်း ရယ်ချင်နေတာ ကိုယ်လိုပဲအောင့်ထားရပုံရတယ်။ သူများ အီးပေါက်တာကို ကိုယ့်ခိုးရယ်တာ လူမိသွားတာကိုကြည့်ပြီး လိုက်ရယ်ကြတာပဲ။ သေချာတာတော့ ရယ်ရယ်မောမောနဲ့ အကုန်လုံး ဝိုင်းရှူလိုက်ကြရတာပဲ။
အတိတ်ကို ပြန်ဝင်စား ကြည့်တော့ အဲ့ဒီ တုန်းကဆိုရင် ရှေ့လျှောက် ဘာဖြစ်မယ်ဆိုတာ မသိပေးမယ့် စိုးရိမ်သောက မရှိသေးတဲ့ အရွယ်ဆိုတော့ သွားရမယ့် ခရီးက ဝေးတယ်ထင်ရတယ်။ အသက် ၁၇ နှစ် အရွယ် တစ်ယောက်က အသက် ၃၉ နှစ် ဆိုတာကို ဦးလေးကြီး၊ အဒေါ်ကြီးတွေ အရွယ်တွေလို့ မြင်တာ ဆိုတော့ အဝေးကြီးလို့ ထင်တာပဲ။ ခရီးတစ်ခု ဆိုတာ မသွားရသေးခင်တော့ ဝေးတယ် ထင်ရတာပေါ့၊ ဖြတ်သန်းသွားပြီးတဲ့ အခါမှာ တော့ သိပ်မဝေးသလို၊ သိပ်မကြာလိုက်သလို ထင်ရတာမျိုးလေ။
အဲ့ဒီတုန်းက ကလေး ကို ပြန်တွေ့နိုင်ရင်၊ အကြံပေးပါဆိုရင်
“ညီလေး ပျော်အောင်နေကွာ၊ ပျော်နေဖို့ကအဓိကပဲ။ ငယ်တုန်းမှာပဲ လွတ်လပ်တာ၊ နောက် အသက်ကြီးသွားရင် မင်း ပြန်လွမ်းနေမှာ” လို့ပဲ ပြောချင်တယ်။
နောင် (၁၀) နှစ် အိုသွားတဲ့ ကိုယ်က အခု ကိုယ်ကိုအကြံပေးပါဆိုရင်တော့
“ကျန်းမာရေးဂရုစိုက်၊ အချိန်သိပ်မဖြုန်းဘဲ ကြိုးစားကွာ” လို့များ ပြောနေမလား။
လက်ရှိမှာ အဲ့သလို အသက်အရွယ်တွေ လူငယ်တွေဟာ လူငယ်တွေလို နေခွင့်မရတဲ့ အကြောင်းကလည်း ကိုယ်တွေရယ် ကိုယ့်ရှေ့က (၃၉) ဗိုက်ပူတွေရယ် ညံ့လို့ပဲ။