ကျွန်တော် စိတ်ကူးယဥ်နေတာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် တရုတ်၊ အမေရိကန်နှင့် အာစီယံ ကောင်းခေါင်းဆောင်တွေ ရဲ့ နေရာကနေ စဉ်းစားကြည့်တာရော၊ လက်ရှိ လူမှုကွန်ယက်တွေမှာ မြင်ရတာကို ယထာဘူယျကျကျ စဉ်းစားကြည့်မိတဲ့ အခြေအနေတွေ အရရောက၊ အရှေ့တောင်အာရှမှာ လက်ဆုပ်လက်ကိုင် ပြလို့မရဘဲ ခံစားကြည့်လို့ပဲ ရတဲ့ ပေါင်းစည်းမှု အားကြီးတစ်ခုက ခေါင်းဆောင်တွေ အားလုံးရဲ့ ထိုင်ခုံကို ခြိမ်းခြောက်နေပြီ။
အနာဂါတ်မှာ အဲဒီစုပေါင်းအားကြီးက ကမ္ဘာကြီးရဲ့ ပထဝီနိုင်ငံရေး အာဏာချိန်ခွင်အလှည့်အပြောင်းကြီး ဖြစ်စေနိုင်တယ်။
တရုတ်လို၊ အမေရိကန်လို နိုင်ငံကြီးတွေဟာ ဒါကို တွက်ဆ မိနေလောက်ပြီလို့ထင်ပါတယ်။ ရယ်စရာ ကောင်းတာက အဲဒီ အနာဂါတ်ရဲ့ အာဏာက Milk Tea Alliance လို ပျံ့နှံပြီး လူမျိုးစုံ နိုင်ငံမျိုးစုံ ပါဝင်တဲ့ လေထဲကအဖွဲ့အစည်းကနေစီးဆင်းလာတာမျိုး ဖြစ်နေတယ်။ ခေတ်မမီတဲ့ အတွေးရှိတဲ့ ခေါင်းဆောင်တွေအတွက်တော့ Milk Tea Alliance ဆိုတာ ကလေးကစားတာလို့ပဲ မြင်ကောင်းမြင်ကြလိမ့်မယ်။
Milk Tea Allianceဆိုတာ အမှန်တော့ စိတ်ကူးယဥ် (fiction) တစ်ခုပဲ။ ဒါပေမယ့် လူတိုင်းနားလည်ပြီး၊ ပါဝင်နိုင်တဲ့ မတူကွဲပြားတဲ့ လူမျိုးတွေ နိုင်ငံသားတွေ တန်းညှိလို့ လွယ်ပြီး စုစည်းနိုင်တဲ့ ၊ ဦးတည်ချက်တစ်ခုတည်းအတွက် စုပေါင်းလို့ရတဲ့ စိတ်ကူးတစ်ခုပဲ။
Sapiens လူသားတွေဟာ အဲသလို fiction တစ်ခုမှာ ယုံကြည်မှုရှိပြီ၊ စုစည်းမိပြီဆိုရင် ကမ္ဘာ့သမိုင်းမှာ မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာတော့တာပဲ။
Milk Tea Alliance ဘယ်ကစီးဆင်းသလဲဆိုရင်၊ အကြောင်းအရာတွေအများကြီးထဲက တစ်ခုက (ကျွန်တော့်အတွေးနော်) Obama လက်ထက်မှာ သူလုပ်ခဲ့တဲ့ Policy တွေရဲ့ အကျိုးဆက် က ရှေ့ကို အရှိန်မကုန်သေးတာပဲလို့မြင်တယ်။ Obama ခေတ်က Policy တွေထဲမှာ Push autocrats to Reform, Continue funding democracy assistance, Engage with new actors ဆိုပြီး မူဝါဒတွေချမှတ်ပြီး အကောင်အထည်ဖော်မှု လုပ်ခဲ့တာတွေ ရှိတယ်။
နောက်ပြီး YSEALI Program လိုမျိုးကလည်း SEA ကလူငယ်တွေရဲ့ အတွေးအခေါ်တွေကို ပွင့်လင်းပြီး၊ တန်းညီသွားပြီး၊ ဦးတည်ချက် တစ်ခုတည်းကို ရောက်သွားစေတယ်။ နိုင်ငံရေး၊ လူမှုရေး ရှုထောင့်တွေ၊ အတွေးခေါ်တွေ၊ တွေးပုံတွေးနည်းတွေ ကို လမ်းကြောင်းညီသွားစေတယ်။ စုပေါင်းပြီး တွေးခေါ်မှုမှာ ဘုံတူညီမှုနှင့် လားရာတူ ဦးတည်ချက်တွေ တည်ဆောက်မိသွားတယ်။ ခေါင်းဆောင် အသစ်တွေ အများကြီး ပေါ်လာတယ်။ ဆိုလိုတာက ခေါင်းဆောင်မှု အတတ်ကို သင်တန်းဆင်းလူငယ်တိုင်း တတ်သွားတယ်။ SEA နိုင်ငံထဲက သက်တူရွယ်တူလူငယ်တွေ ချိတ်ဆက်မိသွားတယ်။ သူတို့က တဆင့်လည်း သူတို့ရဲ့ ဒေသတွင်း လူငယ်တွေဆီကို လူမှုကွန်ယက်တွေကနေ အလားတူ အတွေးအခေါ်တွေ၊ ယုံကြည်မှုတွေ ပျံ့နှံ့သွားတယ်။
အဲဒီကာလအပိုင်းအတွင်းမှာပဲ Civil Society တွေကို အားပေးတော့ လူငယ်တွေ၊ ပြည်တွင်းကူညီမှု အဖွဲ့အစည်းတွေ အားကောင်းပြီး၊ စုစည်းမိသွားတယ်။ ပေါင်းစည်းမှု ပုံစံသစ်တွေ၊ ကိုယ့်လူမှုအဖွဲ့အစည်းအတွက် အမှန်တကယ် လိုအပ်တာကို ကိုယ့်အားကိုယ်ကိုးပြီး၊ စုပေါင်းအားနှင့် ဘယ်လို ဖြည့်ဆည်းရမယ်ကို သိသွားတယ်။ လုပ်လည်းလုပ်တတ်သွားတယ်။ ဆိုလိုတာက အစိုးရကိုချည်းအားကိုးတာတွေ၊ အစိုးရနှင့် နီးစပ်မှ၊ လုပ်ပိုင်ခွင့်ရှိမှ၊ အာဏာရမှ လုပ်လို့ ဖြစ်မယ်ဆိုတဲ့ အတွေးတွေကို ဖောက်ထွက်ပြီး၊ ပြည်သူအတွက် ပြည်သူတွေက လုပ်လို့ရကြောင်း၊ လုပ်ရကောင်းမှန်းသိသွားတယ်။ စုပေါင်းအား၊ ဖွဲ့စည်းမှု နှင့် ဆောင်ရွက်နိုင်စွမ်းတွေက အစိုးရအဖွဲ့အစည်း မလုပ်နိုင်တာတွေကို တောင် လုပ်နိုင်လာကြတယ်။ အဖွဲ့ကြီးသည်၊ ငယ်သည်၊ အရေးမကြီးတော့ဘူး၊ တစ်ဦးထဲလည်း လုပ်စရာရှိတာကို လုပ်ကြတော့တယ်။ သူတို့ လုပ်ဆောင်မှုတွေကနေ ရလိုမှု၊ ထိန်းချုပ်မှု ရှိဖို့ထက် ရလာဒ် ကောင်းဖို့၊ အလုပ်ဖြစ်ဖို့ ကိုဦးစားပေးတာမို့၊ လုပ်ကိုင်တာတတွေက အောင်မြင်ကြတယ်။ ဒါဟာ အစိုးရလို အဖွဲ့အစည်းတွေနှင့် အဓိကကွာခြားချက်ပဲ။ ဒီအချက်က သိပ်အရေးကြီးတယ် လို့ ကျွန်တော်ထင်တယ်။
အဲဒီ အပြောင်းအလဲတွေ ကို ထပ်ပိုးလိုက်တာက၊ ၂၀၁၀-၂၀၂၀ ကြားမှာ တဟုန်ထိုး တိုးတက်သွားတဲ့ လူတိုင်းလက်လှမ်းမီတဲ့ ဒီဂျစ်တယ် နည်းပညာတွေ၊ ချိတ်ဆက်မိ၊ ပေါင်းစပ်မိသွားတဲ့အခါမှာတော့၊ ဆတိုးပြောင်းလဲမှုအားတွေဖြစ်လာပြီး၊ ကမ္ဘာ့သမိုင်းကို အပြောင်းအလဲကြီးဖြစ်နိုင်တဲ့ စိတ်ကူးတွေ၊ စုစည်းမှုတွေ ဖြစ်လာကြတော့တာပဲ။
ASEAN ဒေသတွင်းမှာ ခေတ်နောက်ကျတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အနေနှင့် ဒီ စုစည်းမှုမောင်းနှင်အားတွေရဲ့ တည်ရှိမှုနှင့် တွန်းအားတွေကို သတိမမူဘူး၊ လက်ခံအသိအမှတ်မပြုဘူး၊ နားမလည်ဘူးဆိုရင်၊ လိုက်မမီတော့ရင်၊ နောက်ကောက်ကျပြီပဲ။ ခံရပြီပဲ။ တစ်နည်းမဟုတ်တစ်နည်း အာဏာရှင်ဆန်တာ၊ ဖိနှိပ်တာမျိုးတွေလုပ်မိတာနှင့် အဲဒီ စုစည်းမှုမောင်းနှင်အားတွေရဲ့ တုံ့ပြန်ပွတ်တိုက်မှုကို ခံကြရမှာပဲ။ အဲဒီအားကို ဆန့်ကျင်ပွတ်တိုက်ပြီး အတင်းအဓမ္မလုပ်ရင်တောင် ရလာတဲ့ အကျိုးဆက်က မျှော်မှန်းသလို ကောင်းမှာမဟုတ်ဘူး။
ကိုင်တွယ်ပြလို့မရတဲ့၊ လက်ထောက်ချပြလို့မရတဲ့ စုစည်းမှုမောင်းနှင်အား အသစ်တွေကြောင့် SEA ရဲ့ အနာဂါတ်သည် ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်တာထက်၊ မျှော်တွေးနိုင်တာထက် ကျော်လွန် ဖောက်ထွက်တဲ့ အခြေအနေတစ်ခုဆီကို ပြောင်းလဲရောက်ရှိသွားလိမ့်မယ်လို့ တွေးမိပါတယ်။
ပြောင်းလဲမှုတိုင်းမှာ အကောင်း၊ အဆိုးရှိကြမှာပဲ။ အပြောင်းအလဲ ပြီးဆုံးသွားတဲ့ နောက် အနာဂါတ်ကတော့ အလိုက်သင့်ရှင်သန်ကျန်ရစ်သူ အတွက်ပဲဖြစ်တယ်။ သေချာတာကတော့ ကျွန်တော်တို့ အားလုံး လ္ဘက်ရည် ဆက်သောက်နေကြဦးမှာပဲ၊ ကျွန်တော်တို့ရဲ့ ကလေးတွေလည်း လ္ဘက်ရည် ဆက်သောက်ကြဦးမှာပဲ။