View of Ayarwaddy River & Shan Mountains from Minkun Temple

ဆရာကြီး ဒေးကာနက်ဂီ၏ လူချစ်ခင်ဆေးနည်း

Thar Htet
2 min readApr 9, 2016

သိပ္ပံနည်းကျ ပီယဆေးဖော်မယ်။

Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်ကို လက်တွေ့ အသုံးချရန်၊ လိုရင်းတိုရှင်း အဆီထုတ်လိုက်ပါသည်။

Dale Carnegie တင်ပြသည့် အဓိက အချက်များမှာ−

  1. ပြုံးပါ
  2. တစ်ပါးသူကိုဘယ်တော့ မှမဝေဖန်ပါနဲ့
  3. မကြာခဏ အသိအမှတ်ပြုပါ
  4. ကိုယ့်ကို စိတ်ဝင်စားစေလိုလျှင် သူ့ကိုစိတ်ဝင်စားပါ
  5. သူ့အတွက် အရေးပါသော အကြောင်းကို စကားလုပ်ပြောပါ
  6. အမည်ကိုခေါ်ပြီး နှုတ်ဆက်ပါ
  7. လုံးဝ မငြင်းခုန်မိပါစေနဲ့
  8. သူမှားတယ်လို့ ဘယ်တော့မှ မပြောပါနဲ့
  9. ကိုယ်မှားရင် ချက်ချင်း ရှင်းရှင်းပြတ်ပြတ် ဝန်ခံပါ
  10. ကိုယ့်စကားတိုင်းကို အင်း လိုက်ပါစေ

အနည်းငယ်မျှ ရှင်းလင်းတင်ပြပါမည်။

ပြုံးပြပါ

ကိုယ့်ကို တွေ့တွေ့ချင်း သဘောကျစေလိုလျှင် ပြုံးပြပါ။ သင်ပြုံးပြခြင်းသည် ၎င်းနှင့် တွေ့ဆုံရခြင်းကို ပျော်ရွင်ကြောင်း ကိုယ်အမူအရာပြလိုက်ခြင်းပင်ဖြစ်သည်။ ကိုယ်ကပျော်ရွှင်ကြောင်း ပြသလျှင်၊ ၎င်းကလည်း ပျော်ရွှင်လာမည်ဖြစ်သည်။ သုသေတနများ အရ လူသည်ပျော်ရွှင်သော အခါ ပြုံးသလို၊ ပြုံးသောအခါတွင်လည်း အလိုလို ပျော်ရွှင်လာလေသည်။ ပိုက်ဆံတစ်ပြားမှ မကုန်သော လူတိုင်းကို ပျော်ရွှင်စေနည်းဖြစ်သည့်အတိုင်း ယခု ပင် ပြုံးလိုက်ပါ။

တစ်ပါးသူကိုဘယ်တော့ မှမဝေဖန်ပါနဲ့

ကိုယ်ဝေဖန်လိုက်သော်လည်း ဝေဖန်ခံရသူသည် ၎င်းပြုမူပုံကို ပြောင်းလဲမည် မဟုတ်ပေ။ လူသည် ယထာဘူယျကျကျ စဉ်းစားလုပ်ကိုင်ခြင်းထက်၊ စိတ်ခံစားချက်ဖြင့် လုပ်ကိုင်ခြင်းက ပိုများလေရာ၊ ဝေဖန်ခံရခြင်းဖြင့် သင်ခန်းစာ ရလေ့မရှိပေ။ အောင်မြင်သော လူတော်တော်များများသည် တစ်စုံတစ်ဦးအား ဘယ်တော့မှ အများရှေ့တွင် မဝေဖန်မိအောင် အလေ့အကျင့် ပြုထားကြလေသည်။ တစ်စုံတစ်ဦးအား ဝေဖန်ရန် လွယ်ကူသော်လည်း၊ ၎င်း၏ အားနည်းချက်များ၊ အမှားများကို နားလည်၊ ခွင့်လွှတ်တတ်ခြင်းသည်သာ အရည်အသွေးကောင်းတစ်ခုဖြစ်သည်။ မိမိအား အခြားသူ သဘောကျစေလိုလျှင် ဘယ်တော့မှ အများရှေ့တွင် မဝေဖန်ပါနှင့်။

မကြာခဏ အသိအမှတ်ပြုပါ

လူ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုမှာ အသိအမှတ်ပြုခံရခြင်းပင်ဖြစ်သည်။ ၎င်း၏ ကောင်းမွန်သော အရည်အသွေး၊ ဆောင်ရွက်ချက်၊ အကူအညီပေးတတ်မှု စသည့် ကောင်းကွက်များကို ရှာကြံချီးကြူးပါ။ ရိုးရိုးရှင်းရှင်း ကျေးဇူးတင်ပါတယ် ဟု လေးလေးနက်နက်ပြောဆိုခြင်းသည် ပင် ၎င်းအား အသိအမှတ်ပြုရာရောက်လေသည်။ ကျေးဇူးသိတတ်သူ၊ အသိအမှတ်ပြုတတ်သူကိုသာ လူတိုင်းက အကူအညီပေးလိုကြသည်ဖြစ်လေရာ အသိအမှတ်ပြုခြင်း အလေ့အထသည် အခြားသူကို လွှမ်းမိုး နည်းတစ်ခုပင်ဖြစ်သည်။

ကိုယ့်ကို စိတ်ဝင်စားစေလိုလျှင် သူ့ကိုစိတ်ဝင်စားပါ

ကိုယ့်ကိုယ် သဘောကျစေ၊ စိတ်ဝင်စားစေလိုလျှင်၊ အပြောလျှော့ပါ၊ များများနားထောင်ပါ။ ၎င်း၏ အကြောင်းများကို စိတ်ဝင်တစား မေးမြန်းပြီး ၎င်းကိုသာ စိတ်ကြိုက်ပြောဆိုပါစေ။ သူပြောသည်ကိုလည်း အစစ်အမှန် စိတ်ဝင်တစကား နားထောင်ပါ။

သူ့အတွက် အရေးပါသော အကြောင်းကို စကားလုပ်ပြောပါ

လူတိုင်းသည် ကိုယ့် အကြောင်းကိုယ်ကို သာ စိတ်အဝင်စားဆုံး ဖြစ်သည်။ ထို့ကြောင့် စကားပြောဆိုရာတွင်လည်း ၎င်းနှင့် ပါတ်သက်သည့် အကြောင်းအရာများကို အလေးပေး ပြောဆိုခြင်း မေးမြန်းခြင်းကို ခံယူလိုကြလေသည်။ ကိုယ့်ကို သဘောကျလိုလျှင်၊ တစ်စုံတစ်ဦးနှင့် တွေ့တိုင်း ၎င်း၏ အကြောင်းများကို သာ စိတ်ဝင်တစား မေးမြန်း၊ ပြောဆိုခြင်းဖြင့် မိမိကို အလွန်ဆက်ဆံရေး ကောင်းသူအဖြစ် ကြိုက်နှစ်သက်ပေလိမ့်မည်။

အမည်ကိုခေါ်ပြီး နှုတ်ဆက်ပါ

လူတိုင်း နားထောင်ရသည်ကို အကြိုက်ဆုံး စကားလုံးမှာ မိမိ၏ နာမည်ပင်ဖြစ်လေသည်။ အခြားသူတစ်ယောက် က မိမိ၏အမည်ကို သိရှိ၊ မှတ်မိ နေပြီး၊ နှုတ်မှ ဖွင့်ဟ နှုတ်ဆက်ခြင်းခံရလျှင် လွန်စွာ သဘောကျစိတ်ကျေနပ်လေသည်။ ထို့ကြောင့် အသိအကြွမ်းဟောင်းကိုလည်း အမည်ကိုခေါ်ကာ နှုတ်ဆက်သင့်သလို၊ တစိမ်းနှင့် တွေ့ရမည်ဆိုလျှင်လည်း ၎င်း၏ အမည်ကို ကြိုတင်စုံစမ်းကာ အမည်ကို ခေါ်၍ နှုတ်ဆက်သင့်လေသည်။

လုံးဝ မငြင်းခုန်မိပါစေနဲ့

တစ်စုံတစ်ဦးနှင့် ငြင်းခုံခြင်းဖြင့် အကျိုးရှိ၊မရှိ စဉ်းစားကြည့်ပါ။ ငြင်းခုံခြင်း ၁၀ခေါက်တွင်၊ ၉ခေါက်သည် ငြင်းခုံအပြီး၊ နှစ်ဘက်လုံးသည် ၎င်းတို့၏ ယူဆချက်ကို ပိုမိုခိုင်ခိုင်မာမာ ဆွဲကိုင်ကြလေတော့သည်။ ထို့ကြောင့် အငြင်းပွားပြီးတိုင်း မိမိကို မုန်းဖို့သာ များလေသည်။ သဘောထားကွဲလွဲမှု ရှိပါက၊ တစ်ဘက်၏ အမြင်၊ အတွေး နှင့် အခြေခံ အယူအဆကို နားလည်သဘောပေါက်အောင် နားထောင်သင့်သည်။ မိမိနှင့်ကွဲလွဲသော အမြင်ကို တင်ပြခြင်း အတွက်လည်း ကျေးဇူးတင်ကြောင်းပြောသင့်သည်။ ဤနည်းဖြင့် ငြင်းခုံခြင်းကို ရှောင်ရှားနိုင်လေသည်။ မဖြစ်မနေ အငြင်းပွားရပါလျှင်လည်း မိမိ၏ ခံစားချက်ကို ဘေးဖယ်ထားသင့်လေသည်။

သူမှားတယ်လို့ ဘယ်တော့မှ မပြောပါနဲ့

သူများကို မှားတယ်ဟု ဆိုလိုက်ခြင်းမှာ၊ ကိုယ်က သူ့ထက် ဉာဏ်ပိုရှိတယ်ဟု ဆိုလိုက်ခြင်းပင်ဖြစ်လေရာ ထိုသူ၏ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်လေသည်။ ထို့ကြောင့် ပြန်လည် ခုခံပေလိမ့်မည်။ မုန်းရန်သာရှိသည်။
တစ်ပါးသူအား ၎င်း၏ အမြင်ကို ပြန်လည် ဆန်းစစ်စေလိုလျှင်၊ ပွင့်ပွင့် လင်းလင်းနှင့် ကိုယ့်ကိုယ်ကို နှိမ့်ချပြီးမှ ထောက်ပြပြောဆိုသင့်လေသည်။ ဥပမာ "ကျွန်တော့်အမြင် မှားကောင်းမှားမယ်။ ကျွန်တော်က ခဏခဏလည်းမှားတယ်ဗျ။ ကျွန်တော်တော့ နောက်တစ်မျိုးထင်တယ်ဗျ... လာ..ဒီအချက်အလက်တွေကို အတူတူပြန်ကြည့်ရအောင်" စသည်ဖြင့် စကားကိုစတင်ပြီး နည်းမှန်ကို ပြရမည်။

ကိုယ်မှားရင် ချက်ချင်း ရှင်းရှင်းပြတ်ပြတ် ဝန်ခံပါ

လူတိုင်းအမှားနှင့် မကင်းကြပေ။ မိမိမှားသောအခါ အခြားသူက လှောင်ပြောင်း အပြစ်တင်ခြင်းမပြုမီ ၎င်းကို အနိုင်ယူနည်းမှာ ချက်ခြင်း ရှင်းရှင်းပြတ်ပြတ် ဝန်ခံခြင်းပင်ဖြစ်သည်။ ထို့ပြင် မိမိအား တစ်ပါးသူက ထောက်ပြဝေဖန်ခြင်းထက် ကိုယ့်ကိုယ်ကို ဝေဖန်ခြင်းက သက်သာပေသည်။ ထိုသို့ပြုခြင်းဖြင့် မိမိကို ရိုးသားသူ၊ ပွင့်လင်းသူအဖြစ်လည်း လေးစားကြပေမည်။

ကိုယ့်စကားတိုင်းကို အင်း လိုက်ပါစေ

စကားပြောကြရာတွင် တဖက်လူ နားလည်း သဘောပေါက်သော၊ သဘောတူသော ဆက်စပ် အကြောင်းများကို ဦးစွာ စဉ်၍ပြောသင့်လေသည်။ သို့မှသာ ၎င်းက မိမိစကား နောက်တွင် "အင်း" လိုက်ပေမည်။ ထို့နောက်တွင် မှ ၎င်းအား မိမိသဘော တူစေလိုသော ကိစ္စကို ဆိုခြင်းဖြင့် ၎င်းအား အလိုအလျောက် သဘောတူအောင် လွှမ်းမိုးနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် မည်သူမျှ ၎င်းကို အပြောင်းအလဲမြန်သူ၊ ဗလောင်းဗလဲနိုင်သူအဖြစ် မထင်စေလိုကြပေ။ ထို့ကြောင့် ကနဦး "အင်း" လိုက်ခဲ့၊ သဘောတူခဲ့သည့် အတိုင်း မိမိသဘော တူစေလိုသော ကိစ္စအားလည်း အလိုလို သဘောတူလာရလေသည်။

ပီယဆေးနည်းလင်္ကာ

ဖတ်မိသည်ထက် မှတ်မိဖို့ခက်လေရာ၊ အောက်ပါ လင်္ကာလေး နှင့် မှတ်လေ။

ဝေဖန်မဲ့၊ပြုံး၊ မည်ခေါ်သုံးပြီး
စိတ်ပါဝင်စား၊ ရေးစကားဆို
တင်ပိုကျေးဇူး၊ ငြင်းခုံဘူး
မှားပုံမဆို၊ ဝန်ခံလိုမှ
အင်းလိုက်ကြ၊ လူတိုင်းကြိုက်မှာပ။

ခက်ဆစ်
ဝေဖန်မဲ့ − မဝေဖန်ရန်
ပြုံး − ပြုံးရန်
မည်ခေါ်သုံး − အမည်ခေါ်ဆို နှုတ်ဆက်ရန်
စိတ်ပါဝင်စား − သူ့အကြောင်းကို စိတ်ဝင်စားရန်
ရေးစကားဆို − သူ့အတွက် အရေးပါသော ကိစ္စကို စကားလုပ်ဆိုရန်
တင်ပိုကျေးဇူး − အသိအမှတ်ပြုရန်
ငြင်းခုံဘူး − မငြင်းခုန်ရန်
မှာပုံမဆို − မှားတယ်ဟု အပြစ်မဆိုရန်
ဝန်ခံလိုမှ − မိမိအမှားကို ဝန်ခံရန်
အင်းလိုက်ကြ − သဘောတူသော အကြောင်းအရာများကို အရင်ပြောဆိုပြီး "အင်း"လိုက်စေရန်

စာအုပ်ထဲမှ အကြောင်းကို အပိုအာဘော် မပါဘဲ အနှစ်ချုပ်တင်ပြလိုက်ပါသည်။ ၂ မိနစ်ဖတ်စာ အတွက် မိနစ် ၆၀ ခန့်အနည်းဆုံး ရေးသားရပါသည်။ အသုံးဝင်ပါစေသော်။

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

--

--

Thar Htet
Thar Htet

Written by Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.

No responses yet

Write a response